ဧရာဝတီတိုင်းတွင် ညမထွက်ရအမိန့်ချိုးဖောက်သူ အမျိုးသမီး ၁၀ ဦးအပါအဝင် ၃၀၀ ကျော်ရှိ
DVB
·
May 9, 2020
COVID-19 ရောဂါဖြစ်ပွားနေတဲ့ အချိန်ကာလအတွင်း ဧရာဝတီတိုင်းတွင် ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် အမိန့်မလိုက်နာသူ အမျိုးသမီး ၁၀ ဦးအပါအဝင် ၃၀၀ ကျော်ကို ထောင်ဒဏ်အသီးသီးချမှတ်ခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
ဧရာဝတီတိုင်းက မြို့နယ် ၂၆ မြို့နယ်မှာ ညမထွက်ရအမိန့်တွေကို မြို့နယ်အုပ်ချုပ်ရေးတွေက ဧပြီ ၁၈ ရက်နေ့ကနေ စတင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး မေ ၇ ရက်နေ့အထိ အမိန့်မလိုက်နာသူ လူပေါင်း ၃၂၈ ဦးကို မြို့နယ်တရားရုံးတွေက ထောင်ဒဏ် ၁ လနဲ့ ထောင် ၂ လ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
“ညမထွက်ရအမိန့် ချိုးဖောက်သူ ၃၂၈ ဦး ရှိခဲ့ပါတယ်။ ဒီထဲမှာ အမျိုးသမီး ၁၀ ဦး ပါဝင်လာတယ်။ သူတို့ကို သက်ဆိုင်ရာမြို့နယ်တရားရုံးများက ပုဒ်မ ၁၈၈ အရ ထောင်ဒဏ်တွေ အပြစ်ပေးချမှတ်ခဲ့ပြီး ဖြစ်ပါတယ်”လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။
ထောင်ဒဏ်အပြစ်ပေးခံရသူတွေထဲမှာ အများဆုံးကတော့ ပုသိမ်ခရိုင်က ၁၅၁ ဦးနဲ့ ဟင်္သာတခရိုင်က လူပေါင်း ၅၇ ဦး ပါဝင်ကာ အများဆုံးခရိုင်တွေ ဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။
ကျန်တဲ့ခရိုင်အလိုက် ဖမ်းဆီးအရေးယူထားတဲ့ စာရင်းတွေမှာတော့ ဖျာပုံခရိုင်မှ ၃၃ ဦး၊ မြောင်းမြခရိုင်မှ ၃၉ ဦး၊ လပွတ္တာခရိုင်မှ ၂၉ ဦးနှင့် မအူပင်ခရိုင်မှ ၁၉ ဦး စသဖြင့် ဖမ်းဆီး အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ အမိန့်ချိုးဖောက်သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက တရားလိုပြုလုပ်ကာ ပုဒ်မ ၁၈၈ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး မြို့နယ်တရားသူကြီးများက ထောင်ဒဏ်တွေ ချမှတ်ခဲ့တာလို့ သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)