အိန္ဒု-ကော့ကရိတ်လမ်း လျော်ကြေး လက်မခံသူများကို ဥပဒေအတိုင်း ဆောင်ရွက်မည်

အိန္ဒု-ကော့ကရိတ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ရာမှာ ထိခိုက်နစ်နာမှုအတွက် လျော်ကြေးနစ်နာကြေး ပေးအပ်နိုင်ဖို့ တွေ့ဆုံညှိနှိုင်းပေးမှု လက်မခံသူတွေကို လမ်းမကြီး ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ပြောပါတယ်။ အိန္ဒု-ကော့ကရိတ်လမ်း အဆင့်မြှင့်တင်မှု စီမံကိန်းလမ်းအပိုင်းအတွင်း ထိခိုက်နစ်နာသူတွေကို လျော်ကြေးပေးအပ်နိုင်ဖို့ မေ ၈ ရက်က နောက်ဆုံးအကြိမ် ကွင်းဆင်းတိုင်းတာမှုတွေ ဆောင်ရွက်စဉ် ဒေသခံတွေကို ပြောဆိုခဲ့တာပါ။ လမ်းပိုင်း အဆင့်မြှင့်တင်ဆောင်ရွက်ရာမှာ ထိခိုက်နစ်နာမှုတိုင်းတာနဲ့ပတ်သက်ပြီး ဒေသခံတချို့နဲ့ ပြေလည်မှုမရရှိသေးတဲ့အတွက် စီမံကိန်းဆောင်ရွက်ရာမှာ လုပ်ငန်းနှောင့်နှေးကြန့်ကြာမှု မရှိစေဖို့၊ အချိန်မီပြီးစီးဖို့နဲ့ လျော်ကြေးပေးအပ်နိုင်ဖို့ နောက်ဆုံးအကြိမ် ကွင်းဆင်းတိုင်းတာမှုတွေ ဆောင်ရွက်နေတာပါ။ စည်ပင်ဝန်ကြီး ဦးသန်းနိုင်က “ဥပဒေကြောင်းအရ လုပ်လို့ရှိရင်လည်း နစ်နာမယ့်ဟာတွေ ရှိတယ်။ မနစ်နာရအောင် လာလုပ်ပေးတာ။ လမ်းမကြီးဥပဒေ ရှိတယ်”လို့ ပြောပါတယ်။ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ လမ်းနယ်နိမိတ် မလွတ်ကင်းတဲ့ နေအိမ်၊ ဈေးဆိုင်ခန်း၊ နှစ်ရှည်သီးနှံပင်တွေကို ထိခိုက်နစ်နာမှု လျော်ကြေးပေးအပ်နေသလို ထိခိုက်မှုတိုင်းတာတဲ့အပေါ် နစ်နာမှုတွေရှိနေတဲ့အတွက် လျော်ကြေးပေးအပ်တာကို လက်မခံတဲ့ ဒေသခံတချို့ ရှိနေပါတယ်။ ဘားအံမြို့နယ်၊ ကျားကလေးကျေးရွာ၊ ခွန်ချစ်ကိုကိုက “နောက်ဆုံးတော့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အများပြည်သူသွားလာရေး လက်ခံလိုက်တယ်။ အခုက ဘယ်လိုပြောရမလဲ။ သက်ဆိုင်ရာက သူများနည်းတူ လျော်ကြေးအတိုင်းပဲ လိုချင်တယ်”လို့ ပြောပါတယ်။ စီမံကိန်းအတွင်း ထိခိုက်နစ်နာမှုလျော်ကြေး ပေးအပ်ရာမှာ ပြေလည်မှုမရရှိသေးတဲ့ ကျေးရွာတချို့ ရှိနေတဲ့အတွက် လမ်းလုပ်ငန်းဆောင်ရွက်ရာမှာ အပိုင်းလိုက် ချန်လပ်ထားခဲ့ရတာတွေကြောင့် အချိန်မီပြီးစီးဖို့ လုပ်ဆောင်ရာမှာ အခက်အခဲတချို့ ရှိနေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ ၂၀၁၇ ခုနှစ်က စတင်ပြီး အိန္ဒု-ကော့ကရိတ်လမ်းပိုင်း အရှည် ၆၆ ဒသမ ၇၅ ကီလိုမီတာကို လမ်းနယ်နိမိတ်အကျယ် ၂၃၀ ပေအထိ တိုးချဲ့အဆင့်မြှင့်တင်ဖို့အတွက် ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀၊ အာဆီယံအခြေခံအဆောက်အဦဆိုင်ရာ ရန်ပုံငွေကနေ အမေရိကန်ဒေါ်လာ သန်း ၂၀ ချေးယူပြီး တရုတ်ကုမ္ပဏီ CRBC က တာဝန်ယူ တည်ဆောက်နေတာပါ။ ရဲမင်းခေါင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up