DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ ယာဉ်တိမ်းမှောက်မှု ၂ နေရာတွင် မြန်မာနိုင်ငံသားများ ပါဝင်
DVB
·
April 23, 2013
ထိုင်းနိုင်ငံ ယာဉ်တိမ်းမှောက်မှု ၂ နေရာတွင် မြန်မာနိုင်ငံသားများ ပါဝင်
1 / 2
Donate to DVB

ထိုင်းနိုင်ငံ အလယ်ပိုင်း  ဖစ်ချပူရီခရိုင် နဲ့ ချိုင်းယားနတ်ခရိုင်မှာ ဒီရက်ပိုင်းအတွင်း မော်တော်ယာဉ် မတော်တဆထိခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ယာဉ် ၂ စီးလုံးမှာ မြန်မာနိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြသွားပါတယ်။

ပထမဖြစ်စဉ်မှာ မြန်မာနိုင်ငံသားတဦး မောင်းနှင်တဲ့ အဖြူရောင် နစ်ဆန် ဟိုင်းလပ်ကားတစ်စီးဟာ ဒီမနက်စောစော ၂ နာရီလောက်က  ဖစ်ချပူရီ ခရိုင် ခေါ်ယွဲ့မြို့နယ် နောင်ပရုန်း ရပ်ကွက်ထဲမှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး စီးနင်းလိုက်ပါလာတဲ့ မြန်မာအလုပ်သမား စုစုပေါင်း ၂၉ ဦးမှာ ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ခေါ်ယွဲ့မြို့နယ် ရဲစခန်းတာဝန်ရှိသူတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

[caption id="attachment_38682" align="alignleft" width="300" caption="မြန်မာနိုင်ငံသားတဦး မောင်းနှင်တဲ့ အဖြူရောင် နစ်ဆန် ဟိုင်းလပ်ကား"][/caption]

အဲဒီအလုပ်သမားတွေအားလုံးဟာ ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့နယ်က ရာဘာခြံအလုပ်သမားတွေဖြစ်ပြီး သင်္ကြန်ပိတ်ရက် ကန်ချနာဘူရီခရိုင်က အပြန် ခုလို မတော်တဆထိခိုက်မှု ဖြစ်ပွားရတာလို့ သတင်းမှာ ဖော်ပြပါတယ်။

ကားမောင်းသူဟာ အသက် ၃၈ နှစ်အရွယ် မောင်ကံ ဆိုသူဖြစ်ပြီး  အခင်းဖြစ်ပွားတဲ့နေရာအရောက် အရှေ့က ဖြတ်မောင်းတဲ့ ၁၀ ဘီးကားကို ရှောင်တိမ်းရာမှာ အရှိန်မထိန်းနိုင်ဘဲ အိမ်တအိမ်ရှေ့က အုတ်တိုင်ကို ၀င်တိုက်ပြီး တိမ်းမှောက်ခဲ့တာပါ။

ကားတိမ်းမှောက်မှုကြောင့် ဒဏ်ရာရသူ အားလုံးကို ခေါ်ယွဲ့ပြည်သူ့ဆေးရုံနဲ့ ဖရကျွမ်းကောက် ဆေးရုံမှာ တင်ထားရပြီး ကားမောင်းသူကို ရဲစခန်းက စစ်ဆေးမေးမြန်းဖို့ ခေါ်ယူ ထိန်းသိမ်းထားကြောင်း၊ စီးနင်းလိုက်ပါလာသူ မြန်မာအလုပ်သမားတွေရဲ့ သက်သေအထောက်အထားတွေလည်း စစ်ဆေးမှာဖြစ်ပြီး တရားမ၀င် ၀င်လာသူတွေကို လိုအပ်သလို အရေးယူမယ်လို့ ခေါ်ယွဲ့ရဲစခန်း အထူးစုံစမ်းစစ်ဆေးရေးဌာနက ဗိုလ်မှူး အင်းထဆွန် ဖလုမ်းဟွမ်က ထိုင်းသတင်းဌာနကို ပြောသွားပါတယ်။

ဧပြီ ၂၂ ရက် မနက် ၅ နာရီခွဲကလည်း ထိုင်းနိုင်ငံ အလယ်ပိုင်း ချိုင်းယားနတ်ခရိုင် ဆန်ဖယားမြို့နယ်က အာရှလမ်းမကြီးပေါ်မှာ  ချင်းမိုင်-ဘန်ကောက်သွား ခရီးသည်တင် ၂ ထပ် ဘတ်စ်ကားကြီး တိမ်းမှောက်ခဲ့တာဖြစ်ပြီး အနည်းဆုံးလူ ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ချန်နယ် ၃ ထိုင်းတီဗွီသတင်းက ထုတ်လွှင့်သွားပါတယ်။

အင်းထရားထိုး ကုမ္ပဏီပိုင် ဘတ်စ်ကားဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ကနေ ဧပြီ ၂၁ ရက်နေ့ညက ထွက်ခွာလာတာဖြစ်ပြီး ဘန်ကောက်မရောက်ခင် မိုင်တိုင်အမှတ် ၁၁၂ နဲ့ ၁၂၃ ကြားမှာ တိမ်းမှောက်ခဲ့ကြောင်း၊  ခရီးသည်တို့ ထွက်ဆိုချက်အရ  အသက် ၅၀ နှစ်အရွယ် ကားသမားဟာ အခင်းဖြစ်တဲ့နေရာမှာ အရှေ့က ကုန်တင်ကားတစီးကို ကျော်တက်ရာက အရှိန်မထိန်းနိုင်ဘဲ ကားဘီးလည်ပြီး ဘေးက ချောင်းထဲထိုးကျသွားတယ်လို့ ထိုင်းသတင်းက ဖော်ပြပါတယ်။

ကားပေါ်မှာ လူပေါင်း ၄၈ ဦး စီးနင်း လိုက်ပါလာပြီး  အနည်းအကျဉ်းဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးလုပ်သားတွေက ရှေးဦး သူနာပြုစုပေးကြောင်း၊  ဒဏ်ရာပြင်းတဲ့ ၁၀ ဦး ဆေးရုံတင်ထားရကြောင်း၊ အဲဒီထဲမှာ နိုင်ငံခြားသား ၃ ဦးပါပြီး မစ္စ ခန်းအောင်  လို့ခေါ်တဲ့  အသက် ၄၅ နှစ်အရွယ် မြန်မာနိုင်ငံက အမျိုးသမီးတဦးနဲ့ တရုတ်နိုင်ငံသား ၂ ဦး တို့ ဖြစ်ကြောင်း  ဆန်ဖယားမြို့နယ်ရဲစခန်းက ထိုင်းသတင်းဌာနကို ပြောသွားပါတယ်။

အလားတူ ဒီနေ့ မနက် ၅ နာရီလောက်ကလည်း အယုဒ္ဓယခရိုင် အာရှလမ်းမကြီးပေါ်မှာ  ယာဉ် ၃ စီး ဆင့်ကဲတိုက်မှု ဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ ၅၀  ဦး ဒဏ်ရာရခဲ့တယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013