Home
မြန်မာသတင်း
လွိုင်ကော်မြို့လယ်က သဘာဝရေထွက်ပေါက်ကို ပြန်လည်ပြုပြင်ထိန်းသိမ်း
နော်နိုရင်း
·
May 8, 2020
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်မှာရှိတဲ့ “ဘဝသစ်” သဘာဝရေထွက်ပေါက်ကန်ကို ပြုပြင်ထိန်းသိမ်းတာနဲ့ သစ်ပင်စိုက်ပျိုးတာတွေ  ဒီကနေ့ မေလ ၈ ရက် ညနေပိုင်းက ပြုလုပ်ပါတယ်။ အဆိုပါရေထွက်ပေါက်ဟာ နှစ်ပေါင်းများစွာကတည်းက ဒေသခံတွေ အားကိုးပြီး အသုံးပြုလာခဲ့တဲ့ ရေထွက်နေရာတခုဖြစ်ပြီး  အခုနောက်ပိုင်းမှာယိုယွင်းပျက်စီးလာလို့  ပြန်လည် ပြုပြင်ထိန်းသိမ်းပေးဖို့ ပြည်သူတွေက တောင်းဆိုလာတဲ့အတွက် အကောင်အထည်ဖော်ဆောင်လာတာလို့ လွိုင်ကော်ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စည်သူက ပြောပါတယ်။ “ကျမ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ တာဝန်ယူပြီး လူထုနဲ့တွေ့ဆုံ တဲ့အချိန်မှာ ပြည်သူလူထုကတောင်းလို့ ကျမတို့ အချက်အလက်ကို ပြန်လေ့လာပြီးမှ လုပ်သင့်မ လုပ်သင့် ဆောင်ရွက်ပြီးမှ ဒီအဆင့်ရောက်လာတာပေါ့နော်။ အဓိက လူထုတောင်းဆိုလို့။” မိုင်းလုံးရပ်ကွက်ရှိ ဘဝသစ်ရေထွက်ဟာ သူငယ်စဉ်ကတည်းကနေ လွို်ငကော်တမြို့လုံးက သောက်ရေအတွက် လာရောက်ခပ်ယူတဲ့ ရေထွက်ပေါက်ဖြစ်တယ်လို့လည်း ဒေါက်တာခင်စည်သူက ပြောပါတယ်။ “ ကျမတို့ လွိုင်ကော်တစ်မြို့လုံးက အဲဒီတုန်းက ရွာလေးလိုပဲဖြစ်နေတာပေါ့နော်။ အဲဒီကတည်း က ကျမတို့အိမ်ဆိုရင် အဝေးကြီးပဲ။ ဒါပေမယ့်သောက်ရေတွေဘာတွေဆိုရင် ဒီမှာလာခပ်ရတယ်။ တစ်မြို့လုံးကလည်း ဒီမှာလာခပ်တယ်။ ကျမ သုံးတန်းလေးတန်းကတည်းက ဆိုရင်တော့ တွက်ကြည့်လို့ရှိရင် နှစ်ပေါင်း ၇၀ ကျော်ကတည်းကစခဲ့တဲ့ ရေထွက်တခုဟာ အခုချိန်ထိ ထွက်နေသေးတာပေါ့။” ဒီနောက်ပိုင်းနှစ်တွေမှာတော့ မြို့ပြဖြစ်လာပြီး စည်ပင်သာယာရေးရေတွေ ပေးဝေလာ တဲ့နောက်ပိုင်းမှာ ဒီရေထွက်ပေါက်ကို မမှီခိုကြတော့ဘဲ ပစ်ထားတဲ့သဘောဖြစ်သလို အရက်သမား တဦး ရေကန်ထဲကျ သေဆုံးပြီးနောက်ပိုင်း အဲဒီကန်ကို ရေမခပ်ရဲတော့ဘဲ အမှိုက်တွေနဲ့ ပြည့်လာခဲ့ပါတယ်။ ရေရှားပါးလာတဲ့ နွေရာသီမှာ အဆိုပါရေထွက်ပေါက်ဟာ ရေတွေဆက်လက်ထွက်ရှိနေ တဲ့အတွက် ပြန်လည်ထိန်းသိမ်းဖို့ လူထုတွေရဲ့တောင်းဆိုမှုနဲ့ တတ်နိုင်တဲ့အင်အားနဲ့လုပ်ဆောင်ခဲ့ တယ်လို့လည်း ဒေါက်တာခင်စည်သူက ပြောပါတယ်။ “ကျမတို့ အစိုးရအဖွဲ့နဲ့လည်းတိုင်ပင်တယ်။ အခု သစ်တောဝန်ကြီးလည်းပါတာပေါ့နော်။ ကျမတို့မှာ ရေထွက်ပေါက်အတွက် ရေအရင်းအမြစ်ဆိုပြီးတော့ စနစ်တကျတာဝန်ယူထားတဲ့ လူမရှိဘူး။ သဘာဝပတ်ဝန်းကျင်အရတာဝန်ယူတယ်၊ ဆည်မြောင်းတာဝန်ယူတယ်ဆိုရင် သူတို့နဲ့ပူးပေါင်းပြီးမှ ကျမတို့ လုပ်ကြည့်တာပေါ့။ ပိုက်ဆံကလည်း ကျမတို့ ပြည်နယ်ဝန်ကြီးချုပ်တောင်းတဲ့အခါ သူလည်း မရှိဘူး။ လူထုတွေ့ဆုံပွဲမှာလည်း ဝန်ကြီးချုပ်ကို လူထုတွေကတောင်းပါတယ်။ ဒါပေမယ့် မရှိလို့ မပေးဘူးလို့ ပြောတာပေါ့နော်။ အဲတော့ ကျမအနေနဲ့ အလှူရှင်တယောက်ကို ကျမရှာရပါတယ်။ အလှူရှင်တယောက်ကပံ့ပိုးလိုက်လို့ သိန်း ၁၀၀ ရလို့ ကျမတို့ ဒီအဆင့်အထိ ရောက်လာတာပေါ့နော်။ ” ရေထွက်ရေကန် ပြန်လည်ပြုပြင်ထိန်းသိန်းဖို့ အလှူရှင်ရဲ့အကူအညီ ဒေသခံလူထုရဲ့ အင်အားစိုက်ထုတ်မှုနဲ့ ကန်ဘောင်ကို ပြုပြင်နေသလို အမှိုက်သရိုက်မပြစ်အောင် သံဆန်ခါ ကာထား ဖို့ဆောင်ရွက်နေပါတယ်။ ဒီကနေ့မှာတော့ ရေကန်အတွက် ရေဝင်ရေလဲသစ်တော ရရှိအောင်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ် အကူအညီနဲ့ သစ်ပင် ၄၅ ပင်ကို ရေထွက်ပေါက်ကန်အနီး  စိုက်ပျိုးပေးခဲ့ကြပါတယ်။ လွိုင်ကော်မြို့အတွင်းမှာ အခု ဘဝသစ်ရေထွက်ပေါက်တခုသာ ရှိပြီး ဒီလိုရွှေငွေနဲ့ဝယ်ယူလို့မရနိုင်တဲ့ သဘာဝရေထွက်ကို အတူတကွ ပူးပေါင်းထိန်းသိမ်းပေးဖို့လည်း ဒေါက်တာခင်စည်သူက တိုက်တွန်းပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024