အင်းစိန်မြို့နယ်တွင် လူထုကျန်းမာရေးစစ်တမ်းကောက်မှု လူ ၅ သောင်းခန့်ရှိပြီ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးကူးစက်ခံထားရတဲ့ လူဦးရေးအများဆုံးမြို့နယ်ဖြစ်တဲ့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ မေလ ၆ ရက်နေ့ကစပြီး  လူထုကျန်းမာရေးစစ်တမ်း ကောက်ယူမှု မှာ လူပေါင်း ၅ သောင်းနီးပါးရှိသွားပြီလို့ သိရပါတယ်။ အင်းစိန်မြို့နယ်မှာ ရောဂါပိုးအများဆုံးဖြစ်တဲ့ ရွာမအရှေ့ရပ်ကွက်၊ တောင်သူကုန်းရပ်ကွက်၊ အရှေ့ကြို့ကုန်းရပ်ကွက်နဲ့ အနောက်ကြို့ကုန်းရပ်ကွက်တွေကို တိုင်းအစိုးရရဲ့လမ်းညွှန်ချက်နဲ့အညီ အဓိက ဆောင်ရွက်တာဖြစ်တယ်လို့ အင်းစိန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ပြောပါတယ်။  အခုလို COVID-19 ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ လူထု ကျန်းမာရေး စစ်တမ်းကောက်ယူမှုအစီအစဉ်ဟာ အင်းစိန်မြို့နယ်မှာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။  အဲ့ဒီလုပ်ဆောင်မှုတွေကို ကျန်းမာရေးဝန်ထမ်းတွေ၊ သက်ဆိုက်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပူးပေါင်းပြီး လုပ်ဆောင်တာလို့ အင်းစိန်မြို့နယ် ကြက်ခြေနီအဖွဲ့ဥက္ကဋ္ဌ ကိုစည်သူဇော်က ပြောပါတယ်။  ရန်ကုန်မှာ ဧပြီ ၁၈  ရက်က စတင်ထုတ်ပြန်ခဲတဲ့ ညမထွက်ရအမိန့်ကိုပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်ကထုတ်ပြန်တဲ့ ညမထွက်ရ အမိန့်စာနဲ့လွှမ်းမိုးပယ်ဖျက်ပြီး ထုတ်ပြန်တဲ့နေ့ကစလို့ နှစ်လကြာ  အသက်ဝင်မယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီအမိန့်ဟာ အများပြည် သူအကျိုးအတွက် ရည်ရွယ်ထုတ်ပြန်တာဖြစ်လို့  လိုက်နာဖို့ပျက်ကွက်ရင် တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့ ဆိုထားပါတယ်။ Semi Lockdown ၁ဝ မြို့နယ်ထဲ ပါဝင်တဲ့ အင်းစိန်မြို့နယ်အနေနဲ့  မေ ၈ ရက်နေ့အထိ ပိုးတွေ့ အတည်ပြုလူနာ ၄၁ ယောက်ရှိ ထားပါတယ်။   

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up