ကပ်ဘေးကာလ အခက်ကြုံနေသည့် သတင်းသမား ၅၀၀ ခန့်ကို သတင်းမီဒီယာကောင်စီ ကူညီမည်

COVID-19 ကပ်ရောဂါဘေးကာလမှာ အခက်အခဲကြုံနေရတဲ့ သတင်းသမား ၅၀၀ လောက်ကို ကူညီနိုင်ဖို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ပြင်ဆင်နေပါတယ်။  COVID-19 ကာလအတွင်းမှာ သတင်းစာဂျာနယ်တွေ ရောင်းမကောင်းတော့သလို  ပုဂ္ဂလိကမီဒီယာတွေ တခုပြီးတခုရပ်ဆိုင်းလိုက်တာကြောင့် သတင်းသမားတွေ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေးအခက်အခဲကြုံလာရတာပါ။  အလုပ်ရပ်နားခံရတဲ့ သတင်းသမားတွေ စားသောက်ရေး ယာယီပြေလည်ဖို့အတွက် အခြေခံစားသောက်ကုန်တွေထောက်ပံ့သွားဖို့ စားရင်းကောက်ယူနေတယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအတွင်းရေးမှူး ကိုဒီမင်းက ပြောပါတယ်။ သတင်းမီဒီယာကောင်စီက ကိုဗစ်ကာလအတွင်းသတင်းသမားတွေ ရောဂါပိုးကူးစက်ခံရရင် ဒါမှမဟုတ် သံသယလူနာဖြစ်ခဲ့ရင် သတင်းသမားတဦးကို ငွေကျပ်  ၂ သိန်းနှုန်း ထောက်ပံ့သွားဖို့ ပြင်ဆင်ထားပါတယ်။ လတ်တလော အလုပ်လက်မဲ့ဖြစ်သူတွေအတွက်ကတော့ ရိက္ခာထောက်ပံ့သွားမှာပါ။  သတင်းသမားတွေကလည်း ကိုဗစ်ကာလအတွင်းမှာ ကွန်ရက်တခု ဖွဲ့စည်းပြီး သတင်းသမားအချင်းချင်းကူညီနိုင်ဖို့ ကြိုးစားနေတယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ၂  ဦးမြင့်ကျော်က ပြောပါတယ်။ သတင်းမီဒီယာကောင်စီနဲ့ သတင်းသမားကွန်ရက်တွေ လက်ရှိဆောင်ရွက်နေတာတွေဟာ သတင်းသမားတွေ ရပ်တည်ဖို့ ရေတိုနည်းလမ်းတွေသာဖြစ်ပြီး ရေရှည်အတွက်ကတော့ သတင်းဌာနတွေက စည်းစည်းလုံးလုံးနဲ့ လိုအပ်တဲ့အကူအညီတွေကို အစိုးရဆီမှာ တောင်းခံဖို့ဖြစ်ပါတယ်။  ပုဂ္ဂလိက မီဒီယာတွေ ရှင်သန်ရပ်တည်ရေးဟာ ပြည်သူတွေအတွက် ရှုထောင့်စုံက သတင်းမှန်ရဖို့ အရေးပါနေတဲ့အတွက် အစိုးရက လျစ်လျူမရှုသင့်ဘူးလို့ သတင်းမီဒီယာကောင်စီ တာဝန်ရှိသူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up