DVB Logo
Home
မြန်မာသတင်း
ဆည်းဆာရိပ်တွင် စွန့်ပစ်ခံ ဘိုးဘွားများကိုပါ စောင့်ရှောက်နေရ
DVB
·
April 22, 2013
ဆည်းဆာရိပ်တွင် စွန့်ပစ်ခံ ဘိုးဘွားများကိုပါ စောင့်ရှောက်နေရ
Donate to DVB

ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်က ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာမှာ အခုနောက်ပိုင်း လာရောက်အပ်နှံတဲ့ သက်ကြီးရွယ်အိုတွေတင်မကဘဲ လမ်းဘေးမှာ စွန့်ပစ်ခံရတဲ့ ဘိုးဘွားတွေကိုပါ စောင့်ရှောက်ပေးလာရတယ်လို့ ဂေဟာတာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောအဆောင်မှာ စွန့်ပစ်ခံထားရပြီး တင်ပါးနဲ့ ကျောကုန်းမှာ အိပ်ရာနာတွေ ဆိုးဆိုးရွားရွားပေါက်နေတဲ့ အဘိုးတဦးအပါအ၀င် စွန့်ပစ်ခံဘိုးဘွား ၃ ဦးကို ကယ်တင်စောင့်ရှောက်ခဲ့တယ်လို့  ဆည်းဆာရိပ်က တာဝန်ရှိသူတဦးက ပြောပါတယ်။

“ပတ်ဝန်းကျင်က အဲအိမ်မှာ အဘိုးတယောက် အိမ်ထဲမှာ တယောက်တည်း ဒုက္ခရောက်နေတယ်၊ ကြည့်မယ်သူလည်း မရှိဘူးဆိုပြီး အကြောင်းကြားတယ်။ သွားကြည့်ကြတော့ တောင်ဥက္ကလာ တက်လမ်းဆေးခန်း လမ်းဘေးက အိမ်ထဲမှာ အဖိုးက ဆီး၊ ၀မ်းတွေနဲ့ လဲနေတယ်။ သားထောက်သမီးခံမရှိဘူး။ တူတယောက်တော့ အဝေးမှာရှိတယ်ပြောတယ်။ ဒါနဲ့ အန်တီတို့ကခေါ်လာလိုက်တယ်။ အဘိုးက အဖျားတွေတက်တယ်၊ လမ်းမှာလည်း ၀မ်းတွေသွားတယ်။ နောက်တယောက်ကကျတော့ ကြည့်မြင်တိုင်မြို့နယ်ဆေးရုံ အမှိုက်ပုံနားမှာ အဘွားအို တယောက်ကို လာပစ်ထားကြတယ်။ မြေကြွက်တွေကိုက်ထားတယ်။ အဲနားက ကုလသမဂ္ဂက ကလေးတွေက ဆေးရုံဝိုင်းတင်ပေးကြတယ်။ ဆေးရုံကနေတဆင့် အန်တီတို့ဆီ ရောက်လာတယ်။ မြေကြွက်ကိုက်တဲ့ ဒဏ်ရာတွေတော့ မပျောက်သေးဘူး။”

ကျန်းမာရေးချို့တဲ့ပြီး၊ စောင့်ရှောက်မယ့်သူမရှိတဲ့ အသက် ၇၀ ကျော် ဘိုးဘွားတွေကို ရိပ်သာအမှုဆောင်အဖွဲ့က ညှိနှိုင်းလက်ခံပေးနေပြီး  အလှူရှင်တွေရဲ့အလှူငွေနဲ့ ရပ်တည်နေတဲ့ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ ငွေအားနဲ့ လုပ်အားအလှူတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

ဆည်းဆာရိပ်ကို ရောက်ရှိခိုလှုံနေတဲ့ အသက် ၈၁ နှစ်အရွယ် အဘွားဒေါ်ခင်သိန်းညွန့်က  ဒီရိပ်သာ ရောက်ရှိလာပုံကို “အဘွား တူ၊ တူမတွေက အိမ်ကိစ္စတွေနဲ့ အဆင်မပြေကြတော့ အဘွားနေထိုင်ရတာ၊ ခြေထောက်အောက်ပိုင်းတွေလည်း သိပ်မကောင်းတော့ နေမကောင်းချင်သလိုဖြစ်တော့ ငါတနေရာသွားနေတော့မယ်ဆိုပြီး အကူအညီတောင်းတော့ ဆရာမတယောက်နဲ့ သူတို့ ဆက်သွယ်ပေးတယ်။ ဆရာမကလာပြီး စစ်ဆေးပေးတယ်။ အဘွားလည်း အကုန်လုံးစွန့်ပြီး ဆရာမတွေနောက်ပဲလိုက်ခဲ့လိုက်တယ်။ ဒီမှာ အဘွားတို့ နောက်ဆုံးနေရာပဲလေ” လို့ ပြောပါတယ်။

ကိုယ်ပိုင်ငွေနဲ့ တွံတေးမှာ မိဘဂုဏ်ဘိုးဘွားရိပ်သာ တည်ထောင်ထားတဲ့ ဦးထွန်းကြိုင်က ခိုကိုးရာမဲ့ ဘိုးဘွားတွေဆို သူ့ရိပ်သာကို လာပို့လို့ရတယ်လို့ ပြောပါတယ်။ ဘိုးဘွား ၂၉ ဦးအတွက် တနေ့ကို ကျပ် ၂ သောင်းခွဲဝန်းကျင် ကုန်ကျစရိတ်ရှိပေမယ့် ၁  နှစ်ကို ၁၅ ရက်စာလောက်ပဲ အလှူရှင်ရတယ်လို့ ပြောပါတယ်။

“အဘတို့ဘက်ကတော့ အခက်အခဲမရှိဘူး။ လာတဲ့ အဘိုးအဘွားတွေက အခက်အခဲရှိတယ်။ ၁-၂ လနေ ပြီးတော့ အိမ်ပြန်ပြေးပြန်ရော။ သူတို့ကလောလောဆယ် စိတ်ညစ်လို့ထွက်ပြေးလာတာ များတယ်။ အဘက ဟိုတုန်းကတော့ ၇၀ကနေ ၇၅ တန်းလောက်လက်ခံတယ်။ အခုတော့ အသက် ၈၀ လောက်လက်ခံတယ်။”

လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းကတော့ ဒီလိုခိုကိုးရာမဲ့ ဘိုးဘွားတွေအတွက် နိုင်ငံဘဏ္ဍာငွေထဲကနေ မကူညီနိုင်သေးခင်မှာ  စေတနာရှင်တွေ စုပေါင်းထည့်ဝင်ပြီး ကူညီသင့်တယ်လို့ ပြောပါတယ်။

“ကျမတို့အနေနဲ့ကတော့ လူမှုရေးလုပ်နေတဲ့ အဖွဲ့အစည်းလေးတွေ အားကောင်းလာပြီး စုပေါင်းပြီး ကိုယ့်အချင်းချင်း ကူညီတာလေးတွေ အဘိုး၊ အဘွားတွေကို ကူညီတာ၊ ကလေးသူငယ်တွေကိုကူညီတာပဲဖြစ်ဖြစ် အားကောင်းအောင် လုပ်ရမယ်။ အဲအဖွဲ့အစည်းကနေလည်း သက်ဆိုင်ရာမှာရှိနေတဲ့ မြို့နယ်၊ ရပ်ကွက်အလိုက် အင်အားတောင့်တင်းလာသည်အထိ ဒီအဖွဲ့အစည်းလေးတွေက အစိုးရကို ထောက်ပံ့တဲ့အဖွဲ့လေးတွေ ဖြစ်လာနိုင်တယ်။ လူမှုအခြေပြုအဖွဲ့လေးတွေ အားကောင်းလာအောင် လုပ်ဖို့လိုတယ်လို့ မြင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013