A d v e r t i s e m e n t With Us

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အားလုံးကို စစ်ဆေးရာတွင်   COVID-19 ပိုးမတွေ့ရှိ 

ဓာတ်ပုံ- CINCDS
လွှတ်တော်အစည်းအဝေး တက်ရောက်မယ့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များတွေနဲ့ အထောက်အကူပြုအဖွဲ့တွေ  အပါအဝင် လူ  ၂၀၀ ကျော်ကို စစ်ဆေးရာမှာ COVID-19 ရောဂါပိုးမတွေ့ရဘူးလို့ တပ်မတော်က  မေလ ၈ ရက်မှာ   သတင်းထုတ်ပြန်ပါတယ်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အုပ်ချုပ်မှုအထောက်အကူပြုအဖွဲ့တွေကို COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေးစစ်ဆေးခြင်း၊ ဓာတ်ခွဲစစ်ဆေးဖို့တွက် ဓာတ်ခွဲနမူနာတွေရယူပြီး  နေပြည်တော်၊ တပ်မတော်ဆေးရုံကြီးရှိ Cobas 6800 ရောဂါ ရှာဖွေစက်နဲ့  စစ်ဆေးခဲ့တာဖြစ်ပါတယ်။ စစ်ဆေးတွေ့ရှိချက်တွေအရ  တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၁၄ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၆၁ ဦးနဲ့ အုပ်ချုပ်မှုအထောက်အကူပြုအဖွဲ့ဝင်  ရုံးတာဝန်ကျ ၄ ဦး၊ စားရိပ်သာတာဝန်ကျ ၂၆ ဦး၊ ယာဉ်မောင်း ၁၁ ဦး၊ ဆေးအကာကွယ်တာဝန်ကျ ၃ ဦး စုစုပေါင်း ၂၁၉ ဦးတို့မှာ COVID-19 ရောဂါပိုးမတွေ့ရှိဘူးလို့ဆိုပါတယ်။ ဒါ့အပြင် နေပြည်တော်ရှိ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ သီးခြားစောင့်ကြည့်ထားတဲ့ အရာရှိ၊ စစ်သည်တွေနဲ့  မိသားစုဝင် ၁၄ ဦးမှာလည်း ရောဂါပိုးမတွေ့ရှိဘူးလို့ တပ်မတော် သတင်းမှာ ဖော်ပြပါတယ်။ လာမယ့် မေလ ၁၈ ရက်မှာ ပြန်လည်ခေါ်ယူကျင်းပမယ့် ပြည်သူ့/ အမျိုးသား/ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွေမှာ တက်ရောက်မယ့် ရွေးကောက်ခံကိုယ်စားလှယ်တွေရော ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ အားလုံးပါ COVID-19 ရှိမရှိ စစ်ဆေးခံရမှာဖြစ်သလို quarantine တစ်ပတ် ဝင်ရမယ်ဆိုပြီး ဆက်ဆိုင်ရာက ညွှန်ကြားထားတယ်လို့  သိပါရတယ်။ လွှတ်တော်အစည်းအဝေးအတွက်  နေပြည်တော်ကို  မေလ ၉ ရက်နေ့ထက် မစော ၁၀ ရက်နေ့ထက် နောက်မကျဘဲ လွှတ်တော်ကို သတင်းပို့ရမှာဖြစ်ပြီး မိသားစုတွေအဖော်တွေလည်း ခေါ်လာလို့မရပါဘူး။ ကိုယ်စားလှယ်တွေရောက်ကြောင်း သတင်းပို့ပြီးတာနဲ့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက  Swab နမူနာရယူပြီး COVID-19 ရောဂါ ကူးစက်ခံရမှုရှိမရှိ  ဓာတ်ခွဲဆေးစစ်မှာဖြစ်ပါတယ်။  ကိုယ်စားလှယ်တွေအနေနဲ့ မိမိနေထိုင်ရာနေရာကနေ လွှတ်တော်ကလွဲပြီး တခြားသွားလာခြင်းမလုပ်ဖို့ကိုလည်း စည်းကမ်း ထုတ်ပြန်ထားပါတယ်။  လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ နေပြည်တော်ရောက်မှ ခွင့်တိုင်တာမျိုးမလုပ်ဖို့နဲ့ ကျန်းမာရေးအရ အသက်အရွယ်အရ မလာဖြစ်ပါက ခွင့်အဖြစ် သတ်မှတ်မယ်လို့  သိရပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up