Homeမြန်မာသတင်း
လူနာအမှတ် ၁၆၂ အလုပ်လုပ်ခဲ့သည့် လပြည့်ဝန်းဂေဟာရှိ ဝန်ထမ်း ၁၈ ဦး၏ ဓာတ်ခွဲနမူနာ စစ်ဆေးမည်
လူနာအမှတ် ၁၆၂ အလုပ်လုပ်ခဲ့သည့် လပြည့်ဝန်းဂေဟာရှိ ဝန်ထမ်း ၁၈ ဦး၏ ဓာတ်ခွဲနမူနာ စစ်ဆေးမည်
DVB
·
May 8, 2020
ကိုဗစ်-၁၉ လူနာအမှတ် ၁၆၂ အလုပ်လုပ်ခဲ့တဲ့ မှော်ဘီမြို့နယ်၊ ဖူးကြီးကျေးရွာရှိ လပြည့်ဝန်း ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးဂေဟာရှိ ဝန်ထမ်း ၁၈ ဦးရဲ့ အာခေါင်၊ နှာခေါင်းတို့ဖတ်တွေကို စစ်ဆေးသွားမယ်လို့ မှော်ဘီမြို့နယ် ကိုဗစ်-၁၉ ကာကွယ်စောင့်ရှောက်ရေးကော်မတီဝင် ကိုမျိုးမြင့်အောင်က ပြောပါတယ်။
"လပြည့်ဝန်း ဂေဟာကို ထူထောင်တာက အခုလူနာအမှတ် ၁၆၂ ရဲ့ဖခင်ဖြစ်ပြီး သူကတော့ အဲကျောင်းမှာ ကလေးတွေကို စာသင်ပေးနေတာပါ။ မနေ့က ကျနော်တို့ ကော်မတီအဖွဲ့တွေနဲ့ မြို့နယ်ဆရာဝန်ကြီးတို့နဲ့သွားပြီး စုံစမ်းစစ်ဆေးတော့ ၁၀ တန်းစာမေးပွဲတွေပြီးကတည်းက မလာတော့ဘူးလို့ သိရတယ်။ အခုဂေဟာမှာက ကလေး ၂၃၀ ကျော်နဲ့ ဝန်ထမ်း ၁၈ ဦးရှိတယ်။ လောလောဆယ်တော့ လော့ဒေါင်းချတာမရှိသေးဘူး။ ဒါပေမဲ့ အသွားအလာတွေကိုတော့ ကန့်သတ်စောင့်ကြည့်တာတွေ ပြုလုပ်ထားတယ်။ လူနာအမှတ် ၁၆၂ ရဲ့ မိသားဝင်တွေထဲမှာလည်း positive လူနာတွေရှိတယ်လို့ ကြားသိရတဲ့အတွက် ဝန်ထမ်း ၁၈ ဦးကိုတော့ အာခေါင်၊ နှာခေါင်းတို့ဖတ်တွေယူပြီး စစ်ဆေးမှုတွေပြုလုပ်သွားပြီး ဆေးစစ်ဆေးချက်အဖြေပေါ်မှာ ဆက်လက်လုပ်ဆောင်သွားမယ်။"
အင်းစိန်မြို့နယ်က လူနာအမှတ် ၁၆၂ မှာ COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မေ ၇ ရက် မနက်ပိုင်းက ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီလူနာဟာ လူနာအမှတ် ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၄ တို့နဲ့ ထိတွေ့မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။
မှော်ဘီမြို့ ဘောလုံးအားကစားကွင်းမှာ မှော်ဘီမြို့နယ်အတွင်းရှိ ဆရာဝန်တွေစုပေါင်းပြီး fever clinic အခမဲ့ဆေးကုခန်းကို မေလ ၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ဆရာဝန် ၅ ဦးနဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေက တာဝန်ယူလုပ်ဆောင်နေတယ်လို့ မှော်ဘီမြို့ လူမူကူညီရေးအသင်းအဖွဲ့ဝင် ဦးရဲထွန်းက ပြောပါတယ်။
“အဓိကကတော့ ချောင်းဆိုး၊ ဖျားနာ၊ အသက်ရှူမဝတာ၊ ပျို့အန်၊ နာပိတ်၊ အနံ့အရသာမ ရတာတွေနဲ့ဝ မ်းလျောတာတွေကိုအဓိကထားကုသပေးတာပါ။ တပတ်ကို ၆ ရက်ဆေးခန်းဖွင့်ပြီး မနက် ၉ နာရီကနေ ၁၁ နာရီအထိ ဖွင့်ပေးတယ်။ အခုဆေးခန်းဖွင့်တာ ၃ ရက်ကို လာပြတဲ့လူနာ ၅ ဦးရှိပြီ။ ဆေးခန်းလာပြတဲ့လူနာများလာရင်တော့ ဆရာဝန်အင်အားထပ်ဖြည့်သွားဖို့ရှိတယ်"
မှော်ဘီမြို့နယ် ကိုဗစ်-၁၉ ကာကွယ်စောင့်ရှောက်ရေးကော်မတီက မြို့နယ်အတွင်းရှိ ကျေးရွာတွေ၊ ရပ်ကွပ်တွေ၊ စျေးနဲ့ လူစည်ကားရာနေရာတွေမှာ ပိုးသတ်ဆေးဖျန်းတာ၊ လက်ကမ်းစာစောင်ဝေငှတာတွေ၊ နှာခေါင်းစည်းတပ်ဖို့ စဉ်ဆက်မပြတ် အသိပေးနိုးဆော်တာတွေ ပြုလုပ်နေပါတယ်။
မေသွယ်