DVB Logo
Home
မြန်မာသတင်း
စစ်တပ်ကြောင့် ပြည်သူများဒုက္ခရောက်သည့်ကိစ္စ အစိုးရတွင် တာဝန်ရှိ
DVB
·
April 22, 2013
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်ထဲမှာ အခုလပိုင်းအတွင်း အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းတို့ တိုက်ပွဲတွေ ဖြစ်ပွားမှုကြောင့် ဒေသခံရွာသားတွေ ဒုက္ခရောက်နေရတာဟာ   ဦးသိန်းစိန်အစိုးရမှာ တာဝန်ရှိတယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဦးသိန်းစိန်အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတယ်ဆိုရင် စစ်တပ်က ပြည်သူအပေါ် ရက်စက်နေတာကို တားဆီးပေးဖို့နဲ့  လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား ဖြစ်ပွားနေတဲ့ ပြဿနာကို ငြိမ်းချမ်းစွာဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာ ဆောင်ရွက်သွားဖို့ တိုက်တွန်းတယ်လို့  ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF - Shan Human Rights Foundation ) ရဲ့ ဒါရိုက်တာ ဦးခမ်းဟန်ဖက ဒီဗွီဘီကို ပြောပါတယ်။

“လုပ်တာကတော့ စစ်တပ်ပေါ့ ဒါပေမယ့် အစိုးရမှာတာဝန်ရှိတယ်လို့ ယူဆပြီးတော့ နိုင်ငံတကာအစိုးရတွေကူညီပြီးတော့ လုပ်ရပ်ကိုရှူံ့ချပေးဖို့၊ နောက် ဦးသိန်းစိန်အစိုးရကို ဆက်သွယ်မေးမြန်း ဖိအားပေးဖို့၊ စစ်တပ်ကို တားဆီးပေးဖို့၊ စစ်တပ်ရဲ့လုပ်ရပ်ကို တားဆီးပြီး ငြိမ်းချမ်းရေးနဲ့ဖြေရှင်းပေးစေဖို့၊ ပစ်ခတ်မယ့်အစား စားပွဲခုံမှာပြောဆိုဖြေရှင်းလို့ရတဲ့ ကိစ္စတွေလို့ မြင်တယ်။ ငြိမ်းချမ်းရေးကို ဦးတည်ပြီးလုပ်မယ်ဆိုရင်တော့ လုပ်ရပ်တွေကို အစိုးရကနေ ရပ်တန်းကရပ်အောင် လုပ်ပေးဖို့ တာဝန်ရှိတယ်လို့ ကျနော်ကဒီလိုမြင်တယ်။”

ပြီးခဲ့တဲ့ မတ်လကစတင်ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေကြောင့် တန့်ယန်းမြို့နယ်က ရွာသား ၂၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေပြီး တချို့က မြို့ပေါ်ဘုန်းကြီးကျောင်းမှာ ၀င်ရောက်ခိုလှုံနေရသလို တချို့ကလည်း ဆွေမျိုးနီးစပ်ရွာနဲ့ သံလွင်မြစ်အရှေ့ဘက်ခြမ်း ၀နယ်မြေထဲ ထွက်ပြေးသွားတယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

လတ်တလော  ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်ထဲမှာ အစိုးရတပ်က ရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ရွာသားတွေကို ဖမ်းဆီးနှိပ်စက်တာ၊ သူတို့လုံခြုံရေးအတွက် ရွာသားတွေကို အကာအကွယ်ယူတာနဲ့ ခြိမ်းခြောက်တာတွေ ရှိနေပြီး ဒီကိစ္စတွေ ရပ်တန့်သွားအောင် အစိုးရက တာဝန်ယူပေးဖို့နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း အစိုးရကို နှိုးဆော်ဖိအားပေးဖို့လည်း တောင်းဆိုတယ်လို့ ဦးခမ်းဟန်ဖက ပြောပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ကြားက အစိုးရတပ်ရင်း ၉ ခုဟာ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ထိန်းချုပ်နယ်မြေထဲ ၀င်ရောက်လာပြီး နယ်မြေရှင်းလင်းရေး ၀င်လုပ်ခဲ့တဲ့အတွက် ရှမ်းတပ်နဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ရွာထဲကို လက်နက်ကြီးကျလို့ ကလေး ၂ ဦး ဒဏ်ရာရပြီး နေအိမ်တချို့နဲ့ စာသင်ကျောင်း ပျက်စီးခဲ့တယ်။  သင်္ကြန်ရေကစားတဲ့ လူငယ် ၅၀ လောက် အစိုးရစစ်ကြောင်းရှေ့ကနေ အကာအကွယ်အဖြစ် လမ်းလျှောက်ပေးဖို့ အခေါ်ခံခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရှမ်းတပ်နဲ့ ပစ်ခတ်မှုထပ်ဖြစ်ရင် အဲဒီအနီးအနားက ရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်ခံရကြောင်း၊ ရွာသားအချို့ ရိုက်နှက်ခံရတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013