ဥရောပသမဂ္ဂ (အီးယူ) က မြန်မာနိုင်ငံကို အခွန်အထူးသက်သာခွင့်ကို ပြန်ပေးရင် အထည်ချုပ်လုပ်ငန်း ပြန်လည်ဦးမော့ဖို့ မျှော်လင့်နိုင်ပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာဖို့အတွက် ကိုယ့်နိုင်ငံတွင်း လျှပ်စစ်မီးလုံလောက်ဖို့နဲ့ လုပ်ငန်းခွင်တည်ငြိမ်မှုတွေ လိုအပ်တယ်လို့ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။
သမ္မတဦးသိန်းစိန်လက်ထက် ပြုပြင်ပြောင်းလဲရေးတွေကြောင့် အီးယူက လက်နက်ရောင်းချမှုတခုကိုသာချန်ပြီး ကျန်တဲ့ဒဏ်ခတ်မှုတွေ အကုန်လုံးရုပ်သိမ်းဖွယ်ရှိနေပြီလို့ အခွန်အထူးသက်သာခွင့်ကိုလည်း ပြန်ပေးမယ့်အခြေအနေ ရှိနေတာပါ။ ရိုက်တာသတင်း တပုဒ်အရဆို ဒီနေ့ ဧပြီ ၂၂ ရက် ဆုံးဖြတ်ချက်မှာ ဆန်ရှင်တွေကို ရုပ်သိမ်းတော့မယ်လို့ ကိုးကားရေးသားပါတယ်။
အထည်ချုပ်လုပ်ငန်းရှင်များအသင်း ပြောခွင့်ရသူ ဦးမြင့်စိုးကိုမေးရာမှာ ဇွန်လမှာ အီးယူက မြန်မာကို အခွန်သက်သာခွင့် ပြန်ပေးဖို့ ရာနှုန်းပြည့်နီးပါး သေချာပေမယ့် နိုင်ငံခြားကုမ္ပဏီတွေကတော့ မရင်းနှီးကြသေးဘဲ လေ့လာစောင့်ကြည့်နေကြဆဲပဲလို့ ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ လာမယ့်ဇွန်လမှာ အခွန်သက်သာခွင့်ပြန်ခံစားရဖွယ်ရှိနေပြီး ဂျီအက်စ်ပီ မရဘဲနဲ့ မြန်မာ့ထုတ်ကုန် အထည်အလိပ်တွေ ဥရောပဈေးကွက် တိုးဖို့ မလွယ်သလို ဂျီအက်စ်ပီရရင်တောင်မှ ရင်းနှီးမြှုပ်နှံသူတွေကို တွန့်ဆုတ်စေတဲ့ လျှပ်စစ်မီး မလုံလောက်မှု၊ မြေဈေးကြီးမြင့်မှုနဲ့ လုပ်ငန်းခွင် မတည်ငြိမ်မှုစတဲ့ အကြောင်းရင်းတွေ ရှိနေသေးတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းတွေမှာ ဟောင်ကောင်က စက်ရုံတွေများပြီး အီးယူက အခွန်အထူးသက်သာခွင့်ရရင်လည်း ဟောင်ကောင်ကုမ္ပဏီတွေသာ များလာနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ဂျီအက်စ်ပီခေါ်တဲ့ အခွန်အထူးသက်သာခွင့်ကို အီးယူက ဆင်းရဲတဲ့နိုင်ငံတွေကို ပေးထားရာက လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းကြောင့် ၁၉၉၇ ခုနှစ်မှာ ရပ်နားထားတာပါ။ အဲဒီအခွင့်အရေးရရှိရင် ဥရောပကို ပို့တဲ့ကုန်စည်တွေထဲက အခွန် ၁၅ ရာခိုင်နှုန်းကို ပေးဆောင်စရာမလိုတဲ့ အခွန်သက်သာခွင့် ဖြစ်ပါတယ်။
လက်ရှိမှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကလည်း ထွက်ရှိပြီး ဖြစ်တာကြောင့် အနောက်နိုင်ငံတွေနဲ့ အတူ အာရှက ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေကလည်း ရင်းနှီးမြှုပ်နှံဖို့ စုံစမ်းနေကြပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမြင့်စိုးနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။