ဘင်္ဂလားဒေ့ရှ်တွင် ရဲတပ်ဖွဲ့ဝင် ထောင်ချီ ကိုရိုနာကူးစက်ခံရ၊ ၆ ဦး သေဆုံး

ဓာတ်ပုံ-ရိုက်တာ
1.2K
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ ရဲတပ်ဖွဲ့ဝင် ၆ ယောက် သေဆုံးခဲ့ပြီး ထောင်ချီ ကူးစက်ခံရတယ်လို့ ဒါကာရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
မေလ ၆ ရက်အထိ ရဲတပ်ဖွဲ့ဝင် ၁၉၀ ရဲတပ်ဖွဲ့ဆေးရုံမှာ ကုသမှု ခံယူနေရပြီး ရဲတပ်ဖွဲ့ဝင် ၁, ၂၆၀ ကတော့ နေအိမ်မှာ အသွားအလာ ကန့်သတ်မှုခံယူနေကာ ၁, ၀၈၉ ယောက်ကိုတော့ သီးခြား စောင့်ကြည့်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသွားအလာကန့်သတ် လော့ဒေါင်းချထားတဲ့ ကာလအတွင်း ရဲတပ်ဖွဲ့ဝင်တွေဟာ လူတွေကို ဆေးရုံလိုက်ပို့တာ၊ ဈေးတွေမှာ လိုက်လံစစ်ဆေးတာ အပါအဝင် ကဏ္ဍပေါင်းစုံကနေ ပါဝင်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ရဲ့မိသားစုကို အစိုးရ ထောက်ပံ့ငွေအပြင် ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၁၂,၀၀၀ အထိ ပေးအပ်မယ်လို့ ရဲတပ်ဖွဲ့က ကတိပြုထားကြောင်း ဒေသခံ မီဒီယာမှာ ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မေလ ၈ ရက် မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂,၀၀၀ ကျော် နဲ့ သေဆုံးသူ ၁၉၉ ဦး ရှိပြီလို့ သိရပါတယ်။