Home
မြန်မာသတင်း
ကေအန်ယူဖွင့်လှစ်ထားသည့် COVID-19 စစ်ဆေးရေးဂိတ်ဖယ်ရှားခံရပြီးနောက်  ပစ်ခတ်မှုဖြစ်ပွား 
နော်နိုရင်း
·
May 8, 2020
COVID-19 ရောဂါကာကွယ်တားဆီးရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဖွင့်ထားတဲ့ စစ်ဆေးရေး ဂိတ် ၂ ခုကို တပ်မတော်က ဖယ်ရှားပေးဖို့ လုပ်ဆောင်တဲ့အတွက် မေ ၆ ရက်နေ့က ပစ်ခတ်မှု ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကေအန်ယူဖာပွန်ခရိုင်တာဝန်ရှိသူတွေက ပြောပါတယ်။ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းက ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း  COVID-19 ရောဂါပျံ့နှံ့မှု မရှိစေဖို့ရည်ရွယ်ပြီး ဒွဲလုံမြို့နယ်၊ လေးဖိုးထားအုပ်စုအတွင်းရှိ ဝါသိုးခိုကျေးရွာနဲ့ ကတိုင်တိကျေးရွာအုပ်စု ဖားလုံး လမ်းသွယ်တို့မှာ COVID-19  စစ်ဆေးဂိတ် ချမှတ်ထားပါတယ်။ အဲဒီဂိတ်တွေကို တပ်မတော် စကခ (၈) လက်အောက်ခံ ခမရ (၄၀၅) တပ်ဖွဲ့ဝင်တွေက သွားရောက်ပြီး ထွက်ခွာပေးဖို ဖိအားပေးခဲ့သလို မီးရှို့ဖျက်ဆီးလိုက်တဲ့အတွက် နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ကေအန်ယူဖာပွန်ခရိုင်အတွင်းရေးမှူး ပဒိုစောရော်ဘင်မှူးက ပြောပါတယ်။ “အဲဒီနေရာကနေ ဖာပွန်ခရိုင် တာဝန်ရှိသူများမှ ထွက်ခွာရန်အတွက်လည်း ဖိအားပေး ပြောဆိုတယ်။  ဖာပွန်ခရိုင် တာဝန်ရှိသူတွေကလည်း ကိုဗစ် ကူးစက်ရောဂါစောင့်ကြည့်စစ်ဆေးခြင်းဖြစ်တဲ့အတွက် အချင်းချင်းဆန့်ကျင်မှု မပြုလုပ်သင့်ကြောင်း ပြန်လည်ရှင်းပြပေမယ့် သူတို့က လက်မခံဘဲ ရောဂါစောင့်ကြည့်စစ်ဆေးတဲ့နေရာကို မီးရှို့ဖျက်ဆီးလိုက်တဲ့အတွက်  ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ။ ” ပထမ အကြိမ်ပစ်ခတ်မှုမှာ နေ့လယ် ၁၂ နာရီကျော်အချိန်ဖြစ်ပြီး ဒွဲလုံမြို့နယ်၊ လေးဖိုးထာကျေးရွာအုပ်စု၊ ဝါသိုးခို လမ်းမပေါ်ရှိ COVID-19 ကူးစက်ရောဂါစောင့်ကြည့်စစ်ဆေးတဲ့နေရာမှာ ဖြစ်ခဲ့တာလို့ဆိုပါတယ်။ ဒုတိယအကြိမ်ပစ်ခတ်မှုကတော့  ညနေ ၄ နာရီလောက်ဖြစ်ပြီး ဒွဲလုံမြို့နယ်၊ ကတိုင်တိကျေးရွာအုပ်စု၊ ဖားလုံးလမ်းသွယ်ရှိ COVID-19 ရောဂါစောင့်ကြည့်စစ်ဆေးတဲ့ နေရာမှာဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်ဘက်ကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မွန်ပြည်နယ်၊ သထုံခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၁ ရဲ့ COVID-19 ကြိုတင်ကာကွယ် စစ်ဆေးရေးဂိတ်ကို ဖယ်ရှားပေးဖို့ တပ်မတော်ဘက်က အင်အားနဲ့ လာရောက်တားမြစ်ရာမှာ နှစ်ဖက်တင်းမာမှုတွေ ဖြစ်ပွားခဲ့ပြီး စစ်ဆေးရေးဂိတ်ကို ပိတ်ထားလိုက်ရတာတွေ ရှိပါတယ်။ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အခြေစိုက်ရာဒေသတွေမှာ ဆောင်ရွက်နိုင်ရေး  “COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ”ကို  ဖွဲ့စည်းလိုက်ကြောင်း  နိုင်ငံတော်သမ္မတရုံးက ဧပြီလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ကြေညာခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024