DVB Logo
Home
မြန်မာသတင်း
ရခိုင်ဒုက္ခသည်များအတွက် အကူအညီ အရေးတကြီးဆောင်ရွက်ရန် ကုလတောင်းဆို
DVB
·
April 22, 2013
ရခိုင်ဒုက္ခသည်များအတွက် အကူအညီ အရေးတကြီးဆောင်ရွက်ရန် ကုလတောင်းဆို
Donate to DVB

ရခိုင်ပြည်နယ်က အိုးအိမ်စွန့်ခွာပြေးရသူတွေအတွက် မကြာမီ ရောက်တော့မယ့် မိုးရာသီမှာ နေရေးထိုင်ရေးအခြေအနေတွေ တိုးတက်စေဖို့နဲ့ လူသားချင်းစာနာစရာ ဘေးဒုက္ခတွေကနေ ရှောင်လွှဲနိုင်ဖို့နဲ့  ငွေကြေးထောက်ပံ့မှုတွေ တိုးမြှင့်ပေးပြီး အရေးတကြီး အမြန်ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက ဧပြီ ၁၉ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

လောလောဆယ် ဒုက္ခသည် ၆ သောင်းကို ရေကြီးရေလျှံ ဖြစ်လေ့ရှိတဲ့ နေရာတွေမှာ ယာယီတဲတွေနဲ့ နေရာချထားပေးနေဆဲဖြစ်လို့ ရင်ဆိုင်တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ကုလသမဂ္ဂက အရမ်းကို စိုးရိမ်ပူပန်ပါတယ်လို့ ပြောခွင့်ရသူတဦးက ဆိုပါတယ်။

မေလကနေ စက်တင်ဘာလအထိ မုတ်သုံရာသီအတွင်း ရခိုင်ပြည်နယ်မှာ မိုးကြီးပြီး ဆိုင်ကလုန်းမုန်တိုင်းတွေ တိုက်ခတ်နိုင်တယ်လို့ မှန်းဆထားကြတာပါ။

မနှစ်က လူအုပ်စုချင်း အကြမ်းဖက်မှု ဖြစ်ပြီးနောက်မှာ လူပေါင်း ၁၁၅,၀၀၀ ကျော်ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်နေရဆဲပါ။ ပဋိပက္ခ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ စစ်တွေ၊ ပေါက်တော၊ မြေပုံမြို့နယ်တွေမှာ  ဒုက္ခသည်တွေကို ထားရှိတဲ့နေရာဟာ ပင်လယ်ကမ်းခြေနားဖြစ်ပြီး တချို့တွေကလည်း လယ်ကွင်းတွေထဲမှာနဲ့ မိုးစရွာပြီဆိုတာနဲ့ ရေလျှံနိုင်တဲ့ မြေနိမ့်ပိုင်းတွေမှာ စခန်းချ နေထိုင်နေကြတယ်လို့လည်း ဆိုပါတယ်။

လူ ထောင်ပေါင်းများစွာဟာ တာပေါ်လင်စ၊ ဆန်အိတ်တွေနဲ့ လေဒဏ် မိုးဒဏ် မခံနိုင်တဲ့ ယာယီတဲတွေ ဆောက်လုပ်နေထိုင်နေကြတာ ဖြစ်ပါတယ်။ ကုလဒုက္ခသည် အေဂျင်စီနဲ့ သူရဲ့မိတ်ဆွေအဖွဲ့တွေဟာ နေထိုင်ရေးလိုအပ်ချက်ကို ဦးစားပေး ဆောင်ရွက်ပေးဖို့နဲ့ သောက်ရေနဲ့ အိမ်သာ ကိစ္စတွေအတွက် သင့်တော်လုံလောက်တဲ့ မြေကို ချက်ချင်း သတ်မှတ်ပေးဖို့  မြန်မာအစိုးရကို တိုက်တွန်းထားပြီး ဖြစ်ပါတယ်။

အစိုးရရဲ့ မေတ္တာရပ်ခံချက်အရ ကုလသမဂ္ဂက မြေပုံနဲ့ ပေါက်တောမြို့နယ်က အိုးမဲ့အိမ်မဲ့ လူပေါင်း    ၂၄,၀၀၀ အတွက် ယာယီတဲတွေ ဆောက်လုပ်ပေးဖို့ ကတိပြုခဲ့ပြီး အစိုးရက စစ်တွေဘက်က အိုးအိမ်မဲ့တွေအတွက် နေထိုင်စရာ စီစဉ်ပေးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လက နေရာချထားမှုတွေ စတင်လုပ်ဆောင်နေကတည်းက ကုလသမဂ္ဂဟာ အိုးအိမ်မဲ့ ၁၄,၄၀၀ အတွက် ၀ါးတန်းလျားပုံစံ ယာယီတဲတွေ ဆောက်လုပ်ပေးခဲ့ပြီး ကိုယ့်နေရပ်မှာ နေဖို့ ပြန်သွားသူ ၅၀၀ လောက် နီးပါးအတွက် အမြဲနေ အိမ်တွေကိုလည်း တည်ဆောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်သမ္မတကတော့ မကြာသေးတဲ့ သီတင်းပတ်အတွင်းကပဲ ရခိုင်ဒုက္ခသည်တွေအတွက် နေအိမ်တွေကို ၃ လအတွင်း အပြီးဆောက်လုပ်ပေးဖို့ ညွှန်ကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013