အပြင်မထွက်ဘဲ နေအိမ်၌ နေပေးကြရန် လူနာအမှတ် ၂၇ တိုက်တွန်း
DVB
·
May 7, 2020
COVID-19 ရောဂါ မဖြစ်ရအောင် အားလုံး အပြင်မထွက်ဘဲ နေအိမ်မှာပဲ နေပေးကြဖို့ လူနာအမှတ် ၂၇ က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျွန်းရွာကျေးရွာက COVID-19 ရောဂါ လူနာအမှတ် ၂၇ ကို မေလ ၇ ရက်နေ့မှာ ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့တာပါ။
လူနာအမှတ် ၂၇ ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က ရောဂါပိုး စတင် တွေ့ရှိခဲ့ပြီးနောက် ဆေးရုံမှာ စောင့်ကြည့်ကုသတာတွေ လုပ်ဆောင်ခဲ့တာပါ။
ဆေးရုံမှာ စောင့်ကြည့်ကုသနေစဉ် လူနာအမှတ် ၂၇ ရဲ့ ရောဂါပိုးကို ပြန်လည် စစ်ဆေးရာမှာ နှစ်ကြိမ်တိုင်တိုင် ရောဂါပိုး မပြန်တွေ့တော့လို့ ဆေးရုံမှာ နှစ်ပတ် စောင့်ကြည့်ပြီး ဆေးရုံက ဆင်းခွင့်ပြုခဲ့တာလို့ လူနာအမှတ် ၂၇ က ပြောပါတယ်။
ဒါ့အပြင် ဆေးရုံမှာ နေထိုင်စဉ်ကာလအတွင်း စားရေးသောက်ရေးကအစ အာလုံး အဆင်ပြေတယ်လို့ ဆိုပါတယ်။
လူနာအမှတ် ၂၇ ကို ဆေးရုံက ဆင်းခွင့်ပြုလိုက်ပေမယ့် နေအိမ်မှာပဲ နေပေးဖို့နဲ့ ရောဂါ အခြေအနေကို နှစ်ပတ်ကြာရင် ပြန်လည် စစ်ဆေးတာတွေ လုပ်ဆောင်သွားမယ်လို့ မော်လမြိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မြင့်က ပြောပါတယ်။
လူနာအမှတ် ၂၇ ကို ဆေးကုသရာမှာ အသက်ငယ်တာအပြင် ပင်ကိုယ်ရောဂါ အခံမရှိတဲ့အတွက် ကုသမှုအပိုင်းမှာ ပိုပြီး ထိရောက်ခဲ့တယ်လို့ ဆိုပါတယ်။
လူနာအမှတ် ၂၇ ဟာ ရောဂါပိုး စတင်တွေ့ရှိပြီး ရက်ပေါင်း ၂၈ ရက်အကြာ ဆေးရုံမှာ နေထိုင်ခဲ့ရတာပါ။ သူဟာ မွန်ပြည်နယ်မှာ လက်ရှိအချိန်ထိ ပထဦးဆုံးနဲ့ တဦးတည်းသော COVID-19 ရောဂါ လူနာလည်း ဖြစ်ပါတယ်။
ဇော်လွင်ထွဋ်