မြန်မာနိုင်ငံအနေဖြင့် ICJ ထံတင်သွင်းရမည့် အစီရင်ခံစာကို မဖြစ်မနေ တင်သွင်းမည်
ဇေယျာချမ်းအေး
·
May 7, 2020

ရခိုင်ဒေသမှာ နယ်မြေမတည်ငြိမ်ပေမယ့်လည်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို တင်သွင်းရမယ့် အစီရင်ခံစာကို မဖြစ်မနေ တင်သွင်းသွားမယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်တာတွေရှိခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲဆိုထားတာပါ။ ICJ က ဇန်နဝါရီ ၂၃ ရက်နေ့မှာ ဒီအမှုနဲ့ပတ်သက်ပြီး ကြားဖြတ်အစီအမံလေးခုကို မြန်မာနိုင်ငံအပေါ်ချမှတ်ခဲ့ပါတယ်။ အဲဒီအချက်လေးချက်ထဲမှာ ပုံမှန်အစီအရင်ခံစာတင်သွင်းဖို့ ဆုံးဖြတ်ချက် ပါဝင်ခဲ့ပါတယ်။
ပထမဆုံးအစီအရင်ခံစာကို အခုမေလထဲမှာ မြန်မာက ICJ ကိုတင်သွင်းရ မှာပါ။ အစီအရင်ခံစာတင်သွင်းရမယ်ဆိုပေမယ့် ရခိုင်ဒေသမှာတော့ ဒီနေ့အချိန်အထိ နယ်မြေမတည်ငြိမ် သေးပါဘူး။
ဒီလိုနယ်မြေမတည်ငြိမ်အောင် အေအေနဲ့ အာဆာအကြမ်းဖက်အဖွဲ့တွေက ဆောင်ရွက်နေပေမယ့် အစီအရင်ခံစာကို မဖြစ်မနေတင်သွင်းသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်စီးပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ပြောပါတယ်။
လတ်တလောမှာ မြန်မာနိုင်ငံဟာ COVID-19 ကပ်ရောဂါပြဿနာကိုလည်း နိုင်ငံတကာနည်းတူ ရင်ဆိုင်နေရသလို ရခိုင်တပ်မတော် အေအေနဲ့လည်း အစိုးရတပ်တွေ တိုက်ပွဲ အပြင်းအထန် ဆက်လက် ဖြစ်ပွားနေပါတယ်။
ဒါ့အပြင် ဒီရက်ပိုင်းအတွင်းမှာ အာဆာအဖွဲ့ရဲ့ လှုပ်ရှားမှုတွေ နယ်စပ်တလျှောက်မှာ များလာတယ်လို့လည်း တပ်မတော်က ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် ICJ ပြဿနာဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ယုံကြည်မှုတည်ဆောက်နိုင်ဖို့ မြန်မာအစိုးရက အစီအရင်ခံစာကို မဖြစ်မနေတင်သွင်းထားရမယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောပါတယ်။
ရခိုင်မြောက်ပိုင်းမှာ ဖြစ်ပျက်တာတွေနဲ့ ပတ်သက်လို့ သက်သေအထောက်အထားတွေကို မပျက်စီးအောင် ထိန်းသိမ်းဖို့ကိုလည်း သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
အဲဒီနောက်ဧပြီလ ဒုတိယအပတ်ထဲမှာ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ်ကို လိုက်နာဖို့၊ အမုန်းစကားနဲ့ အကြမ်းဖက်မှုတွေကို တားဆီးဖို့ကိုလည်း ညွှန်ကြားထားပါတယ်။
မြန်မာနိုင်ငံအပေါ် ICJ တရားရုံးက ချမှတ်ထားတဲ့ ကြားဖြတ်အစီအမံတွေထဲမှာ မြန်မာနိုင်ငံအနေနဲ့ ဂျီနိုဆိုက်သဘောတူညီချက်ကို လိုက်နာရမယ့် တာဝန်တွေကို ဆောင်ရွက်ဖို့၊ မြန်မာအနေနဲ့ ရိုဟင်ဂျာတွေအပေါ် တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ မကျူးလွန်အောင် ဆောင်ရွက်ပေးဖို့၊ မြန်မာအနေနဲ့ တရားရုံးက ဆုံးဖြတ်ချက်ချတဲ့နေ့စပြီး တရားရုံးကို အစီရင်ခံစာ ၄ လအတွင်း တင်သွင်းဖို့နဲ့ အမှုစစ်ဆေးဆဲ ကာလမှာ ၆ လတကြိမ် အစီရင်ခံစာ တင်သွင်းဖို့တွေ ပါဝင်ပါတယ်။