DVB Logo
Home
မြန်မာသတင်း
ပင်လုံညီလာခံကဲ့သို့ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲအတွက် တိုင်းရင်းသားများ ပြင်ဆင်
DVB
·
April 22, 2013
Donate to DVB

လာမယ့် ၂၀၁၄ မှာ ကျင်းပဖို့ရှိတဲ့ ပင်လုံညီလာခံလို ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲမှာ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ ဘုံသဘောတူညီချက်နဲ့ တင်ပြဆွေးနွေးနိုင်ဖို့ ကြိုတင်ပြင်ဆင်နေကြပါတယ်။

WGEC (Working group for Ethnic Coordination) လို့ ခေါ်တဲ့  ပြည်ပအခြေစိုက် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ဟာ ပြည်တွင်းမှာရှိတဲ့ ယူအန်အေ (ညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့) နဲ့ တွေ့ဆုံပြီး  အလွတ်သဘော ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့သူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောပါတယ်။

“WGEC ဘက်ကတော့ တိုင်းရင်းသားလူမျိုးတွေရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ စီမံချက်၊ နောက် ၂၀၁၄ မှာလုပ်မယ့် ပင်လုံကဲ့သို့ ကျယ်ပြန့်တဲ့ အမျိုးသားညီလာခံ သို့မဟုတ် နိုင်ငံရေးဆွေးနွေးပွဲတရပ်ပေါ့။ ဒါတွေလုပ်မယ်ဆိုရင် တိုင်းရင်းသားတွေဘက်က ဘာတွေကြိုတင်ပြင်ဆင်ထားသင့်လဲ၊ တိုင်းရင်းသားတွေ အနေနဲ့ ဘယ်လိုအခြေခံမူပေါ် ရပ်တည်ပြီး ဆွေးနွေးကြမလဲ၊ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်သင့်လဲ၊ ဘယ်လိုအချိုးကျ ပါဝင်သင့်လဲဆိုတာတွေကို လာရောက်ရှင်းလင်းခြင်းဖြစ်တယ်။ WGEC ရဲ့ frame work ကို လာရှင်းလင်းတင်ပြတယ်။ ကျနော်တို့ဘက်ကတော့ ဒါတွေကို နားထောင်ပြီးတော့မှ နောက်ကြုံကြိုက်တော့မှ ပြန်လည် အကြံပြုချက်တွေ ပေးပို့မယ်ဆိုတာ အလွတ်သဘော သဘောတူခဲ့ကြတယ်။”

WGEC အဖွဲ့ရဲ့ တင်ပြချက်တွေအပေါ်မှာ အကြံပြုချက်တွေ ပေးနိုင်ဖို့အတွက် ယူအန်အေအဖွဲ့ဝင်တွေကြား ဒီလမကုန်ခင် ဆွေးနွေးဖို့ ပြင်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဖွဲ့ရဲ့ ပြင်ဆင်မှုတွေဟာ စည်းစနစ်ကျပြီး အသေးစိတ်ကြောင်း၊ တိုင်းရင်းသားအဖွဲ့အစည်း အားလုံးရဲ့ သဘောဆန္ဒနဲ့ တွေ့ဆုံဆွေးနွေးပြီးရင် ဘုံသဘောတူချက် ထွက်လာမယ်လို့ ဦးစိုင်းလိတ်က သုံးသပ်ပါတယ်။

“အဖွဲ့ရဲ့ ကြိုတင်ပြင်ဆင်လာတဲ့ အချက်အလက်တွေဟာ စည်းစနစ်ကျပြီး အသေးစိတ်ကျပါတယ်။ ဒါပေမယ့် တခြားသော တိုင်းရင်းသားအဖွဲ့အစည်းအကုန်လုံးရဲ့ ကဏ္ဍပါ၊ မပါ မသိရသေးဘူး။ တိုင်းရင်းသားအဖွဲ့အစည်းအကုန်လုံးဖြစ်အောင် ထပ်လုပ်ဖို့လိုတယ်။ ဒါဆိုရင် တိုင်းရင်းသားအဖွဲ့အစည်းအကုန်လုံးရဲ့ ဘုံသဘောတူညီချက် ထွက်ကောင်း ထွက်လာနိုင်တယ်။ အဲတော့ ပြည်တွင်းထဲက အဖွဲ့အစည်းတွေရဲ့ သဘောထားတွေအကုန်လည်း ရယူဖို့လိုတယ်။ အဖွဲ့အစည်းစုံအောင်လည်း ဖိတ်ကြားသင့်တယ်။ အကျေအလည် ပြန်ဆွေးနွေးဖို့ လိုတယ်လို့ ထင်ပါတယ်။”

ဧပြီ ၂၁ ရက်နေ့ မနက် ၁၀ နာရီကနေ မွန်းလွဲ ၁ နာရီထိ   ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ တွေ့ဆုံခဲ့ရာမှာ WGEC ဘက်က ချင်းအမျိုးသားတပ်ဦးရဲ့ အထွေထွေအတွင်းရေးမှူး  ဒေါက်တာရွှေခါးနဲ့ ရခိုင်အမျိုးသမီးသမဂ္ဂဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းတို့ ၂ ဦး တက်ရောက် ရှင်းလင်းခဲ့ပါတယ်။

ယူအန်အေဘက်ကတော့  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားဒီမိုကရေစီကွန်ဂရက်နဲ့ ကချင်ပြည်နယ် အမျိုးသားများဒီမိုကရေစီကွန်ဂရက် စတဲ့အဖွဲ့တွေက ကိုယ်စားလှယ်တွေ အယောက် ၂၀ တက်ရောက်ခဲ့ပါတယ်။

WGEC မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့အပြင် လူမှုအခြေပြုအဖွဲ့အစည်းတွေလည်း ပါဝင်တယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်မှာ  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ရေး လက်မှတ်ရေးထိုးပြီးရင် လက်နက်ကိုင်အဖွဲ့ရော၊ နိုင်ငံရေးပါတီတွေပါ ပါဝင်တဲ့ ပင်လုံညီလာခံလို နိုင်ငံရေးဆွေးနွေးပွဲကြီး လုပ်မယ်လို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့တွေက ပြောပါတယ်။

ဒါပေမယ့် လုံးဝ အပစ်အခတ်ရပ် လက်မှတ်မထိုးနိုင်သေးတဲ့ အဖွဲ့တွေရှိသလို  ပြည်နယ်အဆင့်ရော၊ ပြည်ထောင်စုအဆင့်မှာပါ  လက်မှတ်ရေးထိုးပြီးကာမှ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ အဖွဲ့တွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013