ရွေးကောက်ပွဲကို ဘယ်လမ်းကြောင်းနဲ့ ရွေ့မလဲ

ဒီနှစ်က ရွေးကောက်ပွဲနှစ်ပါ။ ရွေးကောက်ပွဲကျင်းပမယ့်နှစ်မှာ ကိုဗစ်-၁၉  ကပ်ရောဂါဆိုးကြီးကလည်း ငြိမ်မသွားသေးဘူး။ ပါတီအဖွဲ့အစည်းတွေကြားထဲမှာတော့ ဒီကပ်ရောဂါဆိုးကြီးကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ပါ့မလားလို့ စိုးရိမ်နေကြတာတွေလည်း ရှိပါတယ်။ ကိုဗစ်ရောဂါကာကွယ်ရေးဆိုတာကလည်း တမျိုးသားလုံးအရေးမို့ အစိုးရအဖွဲ့များသာမက ပြည်သူတွေလည်းပါဝင်လုပ်ဆောင်နေကြတာပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တခုတည်း လုပ်ဆောင်ရတာမျိုးမဟုတ်ဘူး။ မြို့နယ်ထွေအုပ်တွေလည်း ပါဝင်လုပ်ဆောင်နေကြရသလို အခြားသောဝန်ကြီးဌာနတွေလည်း လိုအပ်သလို ပါဝင်လုပ်ဆောင်နေကြရတာပါ။ ဒီလိုအခြေအနေမျိုးမှာ ရွေးကောက်ပွဲမကျင်းပဖြစ်မှာကို စိုးရိမ်လာကြတာပါ။ အဲဒီလို စိုးရိမ်ခြင်းနဲ့အတူ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ ပါတီတွေအကြားမှာ အငြင်းပွားစရာ အခြေအနေတွေ ဖြစ်လာခဲ့တာပါ။ အငြင်းပွားစဉ်းစားစရာတွေထဲမှာ ဦးစွာပထမရွေးကောက်ပွဲလုပ်မလား၊ မလုပ်ဘူးလား ဆိုတာပဲ။ ပြီးတာနဲ့ ဆက်စပ် စဉ်းစားရတာက ရွေးကောက်ပွဲကို အချိန်မီမလုပ်နိုင်ရင် ဘာဆက်လုပ်ရမယ် ဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိတိကျကျထည့်သွင်း ဖော်ပြထားတာ မတွေ့ရပါဘူး။ စစ်တပ်နောက်ခံပါတီတချို့ကလည်း ဒီလိုအခြေနေမျိုးမှာ ကာ/လုံခေါ်ပြီး လုပ်ကြရမယ်လို့ ဆိုပြန်ပါတယ်။ ကျန်ပါတီတချို့ကလည်း ကာ/လုံခေါ်စရာမလိုဘူးဆိုတဲ့ အစုံစုံသော အငြင်းပွားသံတွေကလည်း ရွေးကောက်ပွဲကာလ ကြေညာချက် နီးလာလေလေ အသံပိုကျယ်လာလေလေပါပဲ။ ဒီတော့ရွေးကောက်ပွဲ ရွှေ့ဆိုင်းမယ်ဆိုရင် ရွှေ့လို့ရတဲ့နည်းလမ်း လေးသွယ်ရှိနေတာကို တွေ့ရတယ်။ ကိုဗစ်-၁၉ ကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းခြင်းဟာ ‘အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ’နဲ့ ဆိုင်သလား။ ‘အခြားကိစ္စရပ်များနှင့် စပ်လျဉ်း၍ဥပဒေပြုခြင်း’မှာပဲအကျုံးဝင်သလား။ ဒါမှမဟုတ် ‘ရွေးကောက်တင်မြှောက်ခြင်း’ အခန်းနဲ့ ဆုံးအဖြတ်ပြုကြမလား။ နောက်ဆုံးအနေနဲ့ ‘သက်တမ်းတိုးနည်းလမ်း’နဲ့ သွားမလားဆိုတာ စဉ်းစားကြရမှာပါ။ တကယ်တော့ကို ကိုဗစ်ကပ်ရောဂါကြောင့်  ရွေးကောက်ပွဲ အချိန်မီ မလုပ်နိုင်ခဲ့ရင် ပထမလမ်းအနေနဲ့ ‘ခြေ/ဥမှာရှိတဲ့ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်’နဲ့သက်ဆိုင်ပါရဲ့လား ဆိုတာကို အရင်စဉ်းစားကြရမှာပါ။ အဲဒီအခန်းမှာ ပုဒ်မပေါင်း ၂၁ ခု လောက်ရှိတယ်။ ပုဒ်မ ၄၁၀ ကတော့ အုပ်ချုပ်ရေးပျက်ပြားမှုကြောင့် ကာ/လုံခေါ်တာနဲ့ဆိုင်တယ်။       ပုဒ်မ- ၄၁၂ (က)မှာတော့ “ပြည်သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုထိ ပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင်၊ သို့မဟုတ် ထိုသို့ပေါ်ပေါက်ရန် လုံလောက်သောအကြောင်းရှိကြောင်း သိရှိလျှင်သော်လည်းကောင်း၊ ထိုသို့ပေါ်ပေါက်ရန် လုံလောက်သောအကြောင်းရှိကြောင်း သက်ဆိုင်ရာဒေသအာဏာပိုင်အဖွဲ့အစည်းကတင်ပြ လျှင်သော်လည်းကောင်း”ဆိုတဲ့အချက်ပါတယ်။ ဒီတချက်နဲ့ညီရင် သမ္မတအနေနဲ့ ကာ/လုံခေါ်လို့ရတယ်။ ကာ/လုံခေါ်တယ်ဆိုတာ သမ္မတရဲ့လုပ်ပိုင်ခွင့်ပါ။ သမ္မတက အခြေအနေကို ဆင်ခြင်သုံးသပ်ပြီး မခေါ်လည်းရပါတယ်။   ဒုတိယလမ်းအနေနဲ့ ဥပဒေပြုရေးလမ်းကြောင်းကနေ ရွေးကောက်ပွဲရွေ့ဆိုင်းမယ်ရင်လည်းရ နိုင်ကောင်းပါတယ်။ အခန်း(၄) ဥပဒေပြုရေးအခန်းရဲ့ ‘အခြားကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဥပဒေပြုခြင်း’ခေါင်းစဉ်ငယ်အောက်ရှိ ပုဒ်မ(၉၈) မှာတော့ “ပြည်ထောင်စု၊ တိုင်း၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥပဒေပြုစာရင်းများတွင် ဖော်ပြမထားသော အခြားကိစ္စရပ်ရပ်များနှင့်စပ်လျဉ်းသည့် ဥပဒေပြုပိုင်ခွင့်အာဏာကို ပြည်ထောင်စုလွှတ်တော်သို့ အပ်နှင်းသည်။”လို့ ပါရှိပါတယ်။ (‘ဥပဒေပြုစာရင်းမှာမပါရှိသော’ဆိုတာကဇယား (၁) မှာမပါရှိတဲ့ အခြားကိစ္စရပ်များကို ဆိုလိုတာပါ)။ အဲ့ဒီတော့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းခြင်းဟာ “အခြားကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဥပဒေပြုခြင်း”နဲ့ ဆိုင်သလားဆိုတာကို စဉ်းစားချင့်ချိန်ရမှာပါ။       တတိယလမ်းကတော့ ရွေးကောက်ပွဲရွှေ့ဆိုင်ရေးကိစ္စဟာ ‘ရွေးကောက်ပွဲကော်မရှင်’ရဲ့ အဆုံးအဖြတ်တခုတည်းနဲ့ လုပ်ဆောင်လို့ရသလားဆိုတာ လေ့လာကြည့်သင့်တယ်။ ‘ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်း’ဟာ ‘ရွေးကောက်တင်မြှောက်ခြင်းအခန်း’အရ ဖွဲ့စည်းရတာပါ။ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏တာဝန်များ” ခေါင်းစဉ်အောက်မှာရှိတဲ့ ပုဒ်မ- ၃၉၉ (င)မှာ ဖော်ပြထားတာက “သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း နယ်မြေအခြေအနေအရသော်လည်းကောင်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခြင်း”ဆိုတဲ့ လုပ်ပိုင်ခွင့်အာဏာအပြည့်ပေးထားတာလည်း ရှိပါတယ်။ စတုတ္ထလမ်းလည်းရှိပါသေးတယ်။ အဲ့ဒါတွေကတော့ သမ္မတရဲ့သက်တမ်းနဲ့ လွှတ်တော်ဥက္ကဋ္ဌရဲ့ သက်တမ်းကို  အခြေခံပြီး အစိုးရအဖွဲ့ရဲ့ တည်ရှိခွင့်နဲ့သွားလို့ရတဲ့ လမ်းကြောင်းတခုပါ။ ဒီလမ်းကြောင်းကတော့ ဥပဒေပြုခွင့်မရှိတာကလွဲပြီး ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလို့ရတဲ့ လမ်းပါပဲ။ ဆိုကြပါစို့ ပုဒ်မ(၆၁-ခ)မှာ “ယင်းရာထူး ကုန်ဆုံးသည့်အခါ နိုင်ငံတော်သမ္မတ တင်မြှောက်ပြီးသည့်အချိန်ထိ၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့၏ လုပ်ငန်းများကို ဆက်လက်ထမ်းဆောင်ရမည်”လို့ ဆိုထားတယ်။ နောက်သမ္မတကို မလွှဲအပ်နိုင်မီမှာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရှိတဲ့အတွက် အချိန်တိုကာလတခုကို ရွှေ့ဆိုင်းလို့ရနိုင်တယ်။ ဒီအချက်နဲ့ဆက်စပ်ပြီး ပုဒ်မ(၂၃၅-က)ရဲ့ဝန်ကြီးနဲ့ ဒုဝန်ကြီးတို့ရဲ့သက်တမ်း၊ ပုဒ်မ(၂၆၂-ဍ)ပါ ဝန်ကြီးချုပ်များရဲ့ ရာထူးသက်တမ်း၊  ပုဒ်မ(၁၁၃-က)အရ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ရဲ့ သက်တမ်းတို့ကို ရွှေ့ပြောင်းလို့လည်း ရနိုင်တာကို တွေ့ရတယ်။ ဒီလမ်းကြောင်း လေးသွယ်အပြင်  အခြားလမ်းကြောင်းတွေလည်း ရှိဦးမှာပါ။ ပထမလမ်းကြောင်းဖြစ်တဲ့ ကာ/လုံခေါ်ရေး လမ်းကြောင်းကတော့ သိပ်အလုပ်မဖြစ်ပါဘူး။ ကျန်လမ်းကြောင်း သုံးသွယ်ထဲက အသင့်လျော်ဆုံး လမ်းကြောင်းကို ရွေးချယ်ပြီး ရွှေ့ဆိုင်းနိုင်ပါတယ်။ ဥပဒေဆိုတာ သုံးတတ်ရင် ဆေးဖြစ်ပါတယ်။ ကိုယ် ဘယ်လို ဖြတ်သန်းမလဲဆိုတဲ့အပေါ် မူတည်ပါကြောင်း တင်ပြလိုက်ပါတယ်။ ထွန်းဇော်ဌေး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up