Homeမြန်မာသတင်း
ပဲခူးတိုင်းအစိုးရအဖွဲ့အား အွန်လိုင်းပေါ် Live လွှင့် ဆဲဆိုခဲ့သူ ၃ ဦးကို အမှုဖွင့်အရေးယူ
ပဲခူးတိုင်းအစိုးရအဖွဲ့အား အွန်လိုင်းပေါ် Live လွှင့် ဆဲဆိုခဲ့သူ ၃ ဦးကို အမှုဖွင့်အရေးယူ
DVB
·
May 7, 2020
အလုပ်သမားတွေ ဆူပူအုံကြွအောင်လုပ်ပြီး ပဲခူးတိုင်းဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ကို ဆဲဆိုခဲ့သူ ၃ ဦးကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ၊ ဆက်သွက်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)တို့နဲ့ အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်ထားတယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးက ပြောပါတယ်။
ဧပြီ ၂၀ ရက်က စပြီး စက်ရုံအလုပ်ရုံတွေမှာ ကျန်းမာရေးစစ်ဆေးဖို့ ဧပြီ ၃၀ ရက်အထိ ယာယီပိတ်သိမ်းထားဖို့ လုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကနေ ညွှန်ကြားထားတဲ့အတွက် စက်ရုံအတော်များများ ပိတ်ထားကြပါတယ်။
ဒါပေမယ့် လိုအပ်ချက်အရ ကျန်းမာရေးသုံး ပစ္စည်းတွေထုတ်တဲ့ ပဲခူးမြို့က KM စက်ရုံကတော့ PPE ဝတ်စုံတွေချုပ်ဖို့အတွက် လည်ပတ်နေရပါတယ်။
အဲဒီလို စက်ရုံဆက်လက်လုပ်ကိုင်နေတာနဲ့ ပတ်သက်ပြီး စက်ရုံရှေ့မှာ အလုပ်သမားတွေ ဆူပူအုံကြွအောင်လုပ်ပြီး ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကနေ Live လွှင့်ပြီးတော့ ပဲခူးတိုင်းဝန်ကြီးချုပ် နဲ့ အစိုးရအဖွဲ့ အပါအဝင် ပြည်ထောင်စုအစိုးရကို ဆဲဆိုခဲ့တဲ့အတွက် အမှုဖွင့်လိုက်တာလို့ ပဲခူးတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးကပြောပါတယ်။
ဒါကြောင့် ကိုနိုင်နိုင်အောင်၊ ကိုလင်းနိုင်နဲ့ ကိုကျော်နိုင်ဝင်း(ခ) စောကျော်နိုင်ဝင်းတို့ ၃ ဦးကို ပဲခူးတိုင်းအစိုးရရဲ့တာဝန်ပေးချက်အရ ဒုရဲမှူး ကျော်လွင်မိုးက တရားလိုပြုလုပ်ပြီး အမှတ် ၃ ရဲစခန်းမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ထားသလို တရားရုံးမှာလည်း အစိုးရအဖွဲ့ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဦးတိုက်လျှောက်တိုင်ကြားထားတယ်လို့ ဆိုတယ်။
တရားစွဲခံရသူ ၃ ယောက်ထဲမှာ ရန်ကုန်မှာနေတဲ့ ပြည်သူ့ပါတီက ရှေ့နေ ကိုကျော်နိုင်ဝင်း(ခ) စောကျော်နိုင်ဝင်း ပါဝင်ပြီး သူက အလုပ်သမားတွေအတွက် တာဝန်ရှိသူတွေနဲ့ အေးအေးဆေးဆေး တရားဝင်ဆွေးနွေးခဲ့တာပဲရှိကြောင်းနဲ့ သူ့အနေနဲ့ အွန်လိုင်းပေါ်မှာလည်း ဘာမှမတင်ခဲ့သလို ဆူပူအုံကြွအောင်လည်း မလုပ်ခဲ့ဘူးလို့ဆိုပါတယ်။
လက်ရှိအစိုးရကို ထိခိုက်စေတဲ့စကားလုံးတွေ သုံးနှုံးခဲ့ကြတာကစပြီး မလိုလားအပ်တာတွေ ပြောဆိုကြတဲ့အတွက်ခုလို မလိုလားအပ်တာတွေ ဖြစ်ကုန်ရတာဆိုပြီး ပဲခူးမြို့ခံ ဦးအေးမင်းက ဝေဖန်ပြောပါတယ်။
တဘက်ကလည်းကပ်ရောဂါ၊ တဘက်ကလည်း အလုပ်သမားအများစုရဲ့စားဝတ်နေရေး တဘက်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ဒီသုံးခုကို ချိန်ဆပြီး အစိုးရက လုပ်ဆောင်နေရတဲ့ကာလမှာ အလုပ်သမားတွေကိုဆူပူအောင် မလုပ်သင့်ဖူးလို့လည်း မြို့ခံတဦးက သုံးသပ်ပြောပါတယ်။
အောင်စိုးမိုး