DVB Logo
Home
မြန်မာသတင်း
ဖုန်းဆင်းကတ်များ ရန်ကုန်တွင် မဲဖောက်ပေး
DVB
·
April 21, 2013
ဖုန်းဆင်းကတ်များ ရန်ကုန်တွင် မဲဖောက်ပေး
Donate to DVB

ငွေကျပ် ၁၅၀၀ တန်ဖုန်းဆင်းကတ်တွေကို ရန်ကုန်မြို့ ရပ်ကွက်ရုံး တော်တော်များများမှာ ဒီနေ့ မဲဖောက်ပေးပါတယ်။

တောင်ဥက္ကလာပမြို့နယ် ၅ ရပ်ကွက်မှာ ဖုန်းဆင်းကတ် မဲသွားနှိုက်ခဲ့တဲ့ ရပ်ကွက်နေ ပြည်သူတဦး ပြောပြတာက “ကိုယ်တိုင်နှိုက်လည်း ရတယ်။ မဟုတ်လည်း ကလေးတွေ ရှိတယ်၊ သူတို့ကို အစားထိုး နှိုက်ခိုင်းလည်း ရတယ်။ လူက ၇၀၀၊ မဲက ၂၀၀ လို့ပြောတယ်။ ဟန်းဖုန်းပါတဲ့ မဲ ၂၀၀ ကို ပြတယ်။ ကြိုက်တဲ့လူနှိုက် ဒီ ၂၀၀ မဲက ပေါက်မဲချည်းပဲလို့ ပြောတယ်။ စစ်တဲ့လူတွေကလည်း စစ်သေးတယ်။ မဲ ၂၀၀ ကိုပြပြီး ဗလာမဲ ၅၀၀ ထဲရောချမွှေလိုက်တယ်။ ပြီးမှ လူတဦးချင်းစီ နာမည်ကိုလည်း မဲဖောက်ပြီးမှပေးတာ။”

ဒီနေ့ ဖုန်းကတ်မဲပေါက်တဲ့သူတွေဟာ ဧပြီ ၂၄ ရက်မှာ သက်ဆိုင်ရာက  သတ်မှတ်ထားတဲ့ ဆက်သွယ်ရေးရုံးတွေမှာ ငွေသွင်းပြီး သွားထုတ်ကြရမှာ ဖြစ်ပါတယ်။

ဗိုလ်တထောင်မြို့နယ်နဲ့ ပုဇွန်တောင်မြို့နယ်တွေ အတွင်းရှိ ရပ်ကွက်ရုံးတွေမှာ ဖုန်းဆင်းကတ် မဲနှိုက်နေတာကို လှည့်ပတ်ကြည့်ရှုလေ့လာခဲ့တဲ့ စာရေးဆရာနဲ့ သတင်းစာဆရာ စည်သူအောင်မြင့်ကို မေးကြည့်ရာမှာ ခုလို  ပြောပါတယ်။

“သူတို့က အရင် တိုကင်နံပါတ်ပေးထားတယ်။ ဘယ်သူမဲလာနှိုက်ပါဆိုရင် လာရတယ်။ စပီကာနဲ့သေချာအော်ခေါ်ပြီး ပေါက်တယ်၊ မပေါက်ဘူးပြောကြတယ်။ သူတို့ဝေစုရသလောက်ကို မဲနှိုက်တဲ့ သဘောပေါ့။ လူတွေတော့ အုံနေတာပေါ့၊ ရပ်ကွက်တိုင်း ဒီလိုပဲ။ လူတွေကြည့်ရတာလည်း ကျေကျေနပ်နပ်ပါပဲ။ ပေါက်တယ်ဆိုလည်း ပေါက်ပေါ့၊ မပေါက်လည်း ဒီလိုပဲ။ မျှမျှတတရှိတယ်၊ တရားတယ်၊ လူတွေလည်း အကုန်ကျေနပ်တယ်ဆိုတဲ့ သဘောလားဆိုတော့ ဒီလိုပြောလို့မရဘူး။ အထက်ကနေ စလိုက်ရမယ်။ ၃ သိန်းခွဲလို့ သူတို့ပြောတယ်။ ဒါဆို ဗဟိုအစိုးရက စာရင်းအကြမ်း. ဘယ်တိုင်းနဲ့ပြည်နယ်ကို ဘယ်လောက်ပေးတယ်ဆိုတာ ချပြဖို့လိုတယ်။ တိုင်းနဲ့ပြည်နယ်အကုန်လုံးကလည်း ဘယ်မြို့နယ်တွေဆီ ဘယ်လောက်ခွဲဝေပေးတယ်ဆိုတာ ချပြဖို့လိုတယ်။ ဘယ်ဌာနဆို ဘယ်လောက်၊ စစ်တပ်ဆို ဘယ်လောက်ပေါ့။ စာရင်းချုပ်လိုက်တော့ ဗဟိုကချပေးတာ ၃ သိန်းခွဲဖြစ်ရင် ဖြစ်မယ်၊ အဲဒီစာရင်းနဲ့ သွားတိုက်မှသာ မျှတတဲ့ တိကျတဲ့ ခွဲဝေပေးမှုဖြစ်မှာပေါ့။ ဒီရပ်ကွက်ကို ၂၀ ချပေးတယ်ဆိုရင် ရပ်ကွက်က မျှမျှတတ လာလျှောက်သမျှ ၂၀ လုံး မဲနှိုက်ပေးလိုက်တာပဲ။ အောက်ခြေကတော့ ရိုးသားကြပါတယ်။ ရပ်ကွက်တွေကတော့ သူတို့ရသမျှ ခွဲတမ်းကို မဲနှိုက်ပေးလိုက်တာပဲ။”

ရန်ကုန်တိုင်းအတွင်း ၁၅၀၀ တန် ဖုန်းဆင်းကတ် ၁ သိန်း ၂ သောင်းလောက် မဲနှိုက်ပြီး ဖြန့်ချိရောင်းချပေးမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောပါတယ်။

မန္တလေးမြို့မှာတော့ ဒီနေ့ ဖုန်းဆင်းကတ်မဲနှိုက်တာ မတွေ့ရသေးဘဲ ရပ်ကွက်ရုံးတချို့မှာ အထက်က ညွှန်ကြားချက် တစုံတရာ မလာသေးလို့ ဆိုင်းဘုတ်မှာ ရေးထားတာ တွေ့ရတဲ့အကြောင်း မန္တလေးသတင်းထောက်တဦးက ပြောပါတယ်။

မန္တလေးတိုင်းအတွင်း ၁၅၀၀ တန် ဖုန်းဆင်းကတ် ၆ သောင်း ၅ ထောင် ရောင်းချပေးဖို့ ရှိတဲ့အကြောင်း သက်ဆိုင်ရာ အစိုးရအဖွဲ့က ကြေညာချက်ထုတ်ထားကြောင်းလည်း သိရပါတယ်။

ဧပြီ ၂၄ ရက်မှာ ရောင်းချပေးမယ့် ၁၅၀၀ တန် ဆင်းကတ်တွေဟာ MECTel အမှတ်တံဆိပ်ပါ ငွေဖြည့်ကတ်တွေနဲ့ တယ်လီဖုန်းဆက်သွယ် ပြောဆိုခ ငွေဖြည့်မှ ဆက်သွယ်ပြောဆိုနိုင်မှာ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးက ဧပြီ ၂၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိ အနီးအနားက ကွမ်းယာဆိုင်နဲ့ စတိုးဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူရနိုင်တဲ့ MPT ငွေဖြည့်ကတ်တွေအစား သတ်မှတ်ထားတဲ့ဆိုင်တွေမှာပဲ သွားဝယ်ရမယ့်  MEC ငွေဖြည့် ကတ် ၀ယ်ဖြည့်မှ ဖုန်းသုံးလို့ ရမှာဖြစ်ပြီး ဖုန်းပြောသမျှငွေကိုလည်း MEC ကပဲ ရမယ့်သဘော ဖြစ်ပါတယ်။     MEC ဆိုတာ မြ၀တီထရေးဒင်းလက်အောက်ခံ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဖြစ်ပါတယ်။

Read more

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013