အိမ်အငှားလုပ်ငန်းကုမ္ပဏီ Airbnb ဝန်ထမ်းအင်အား ၁,၉၀၀ နီးပါး လျှော့ချမည်

ဓာတ်ပုံ - ရိုက်တာ
1.6K
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက ကမ္ဘာတဝန်း ခရီးသွားတာတွေ ရပ်တန့်လုနီးပါး ဖြစ်စေခဲ့တာမို့ အိမ်အငှားလုပ်ငန်းကုမ္ပဏီ Airbnb ဟာ တကမ္ဘာလုံးမှာရှိတဲ့ ဝန်ထမ်းအင်အား ၁,၉၀၀ နီးပါးကို လျှော့ချမယ်လို့ မေ ၅ ရက်မှာ ကြေညာလိုက်ပါတယ်။
Airbnb လုပ်ငန်း အထိနာခဲ့ပြီး ဒီနှစ် အမြတ်ငွေဟာ ၂၀၁၉ အမြတ်ငွေရဲ့ ထက်ဝက်အောက် လျော့နည်းမယ်လို့ ခန့်မှန်းထားတယ်ဆိုပြီး တည်ထောင်သူ ဘရိုင်ယန်ချက်စကီက ကုမ္ပဏီဝန်ထမ်းတွေကို ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်တွင်း လျှော့ချခံ ဝန်ထမ်းတွေဟာ နှစ်စဉ် ထပ်တိုးသီတင်းပတ် တပတ်အပြင် သီတင်း ၁၄ ပတ်တာ အခြေခံလစာ ကို ရရှိမယ်လို့ ကုမ္ပဏီက ပြောကြားပါတယ်။
ကမ္ဘာတဝန်း သန်းချီတဲ့ ခရီးသွားတွေက အပန်းဖြေ၊ အလုပ်ခွင်နဲ့ မိသားစုခရီးအစီအစဉ်တွေ ဖျက်ခဲ့တာမို့ ဖြစ်ပေါ်ခဲ့တဲ့ ဆုံးရှုံးမှုတွေကို ကူညီကုစားဖို့ အမေရိကန် ဒေါ်လာ သန်း ၂၅၀ ကို ကူညီခွဲဝေပေးခဲ့တယ်လို့လည်း ဒီနှစ်အစောပိုင်းမှာ Airbnb က ပြောပါတယ်။
မတ်လနှောင်းပိုင်းတုန်းကလည်း ကုမ္ပဏီက ဈေးကွက်ဖြန့်ချိရေးလုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းပြီး ၂၀၂၀ အတွင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကို ချွေတာခဲ့ပါတယ်။
ဒါ့အပြင် ကုမ္ပဏီ တည်ထောင်သူတွေက နောက် ၆ လကို လစာယူမှာမဟုတ်ဘဲ ထိပ်တန်း အလုပ်အမှုဆောင်တွေလည်း လစာ ၅၀ ရာခိုင်နှုန်း လျှော့ယူသွားမယ်ဆိုပြီး ဝန်ထမ်းတွေကို အကြောင်းကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။