Live
Home
ဆောင်းပါး
အိမ်မှာနေပြီး ဘယ်ကျောင်းသင်ခန်းစာတွေကို ဦးစားပေး သင်ကြားသင့်သလဲ
DVB
·
May 6, 2020
ကျောင်းတွေ ဘယ်တော့ ပြန်ဖွင့်နိုင်မလဲဆိုတာ သိပ်မသေချာသေးပါဘူး။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပညာရေးကို ထိခိုက်မှာ မိဘတွေ စိုးရိမ်နေကြရပါပြီ။ ကျောင်းဖွင့်ချိန်ဟာ အများကြီးပဲ နောက်ကျဖွယ်ရာ ရှိနေပါတယ်။ လများစွာလည်း ကြာမြင့်နိုင်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်မှာလဲ ဆိုတာကို ပညာရေး အသိုင်းအဝိုင်းမှာ အသေအချာ စဉ်းစားကြရပါဦးမယ်။ လော့ဒေါင်းကာလမှာ အိမ်မှာပဲ နေကြရပြီး ကလေးတွေဟာ ကျောင်းစာကို လေ့လာကြဖို့ မိဘများက စီစဉ်လုပ်ဆောင်နေကြပြီ။ ကျောင်းတွေ ကာလရှည်လျားစွာ ပိတ်ထားစဉ် အိမ်ကပဲ ကျောင်းစာကို လုပ်ကြရတဲ့အခါ မိဘများမှာ အစီအစဉ် ၂ ခုကို တာဝန်ယူကြရတော့တာပါ။ ကိုယ့်ရဲ့ အလုပ်အကိုင်နဲ့ စာသင်ကျောင်းကိစ္စ။ ကျောင်းစာတွေကို သင်ရိုးညွှန်းတမ်းက ပြဋ္ဌာန်းထားတဲ့အတိုင်း ကလေးများဟာ အကုန်အစင် သင်ယူလေ့လာဖို့ရာ မလွယ်ကူလှပါဘူး။ အဲဒီအတွက် မိဘများဟာ စိတ်မသက်မသာသလိုမျိုး ခံစားရနိုင်ပါတယ်။ ဘာတွေကို ဦးစားပေး ရွေးချယ်သင်ကြားပေးရမှာလဲ။ ဒီနေရာမှာ မိဘများ သိထားသင့်တာကတော့ သူတို့ဟာ ကျောင်းဆရာ ဆရာမတွေ မဟုတ်ကြဘူး ဆိုတာရယ်၊ ကျောင်းဆရာ ဆရာမ နေရာမှာ အစားထိုးတာ မဟုတ်ဘူး ဆိုတာရယ်ကိုပါ။ အချိန်ပြည့် အလုပ်အကိုင်တွေနဲ့ မိဘများဟာ ကလေးရဲ့ ပညာရေးကိုလည်း အချိန်ပြည့် ကူညီနိုင်မှာ မဟုတ်ပါဘူး။ ဘာတွေကို ညှိရမလဲ။ ပုံမှန်အချိန်ကာလတွေ မဟုတ်တဲ့အတွက် ကျောင်းတွေကလည်း ပြဋ္ဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းအတိုင်း ကလေးတွေဟာ ခေါင်းစဉ်တိုင်းကို အကုန်အစင် လေ့လာနိုင်ကြမယ်လို့ မမျှော်လင့်ပါဘူး။ သြစတြေးလျနိုင်ငံ၊ Bondi အစိုးရကျောင်းက ကျောင်းသတင်းလွှာထဲမှာ ကျောင်းအုပ်ကြီးက မိဘများထံ အခုလို အမှာစကား ပါးထားပါတယ်။ “တချို့သော နေ့ရက်တွေမှာတော့ မိဘများရဲ့ ရင်သွေးငယ်တွေဟာ အင်မတန်မှ ကောင်းမွန်တဲ့၊ ထူးချွန်တဲ့ လေ့လာမှုကို လုပ်နိုင်ကြပါလိမ့်မယ်။ တချို့ရက်များမှာတော့ ဘာဆိုဘာမှကို မလေ့လာဖြစ်တာမျိုး ရှိနိုင်ပါတယ်။ ဒါဟာ ပုံမှန်ပဲဆိုတာ မိဘများကို သိစေချင်ပါတယ်။ ကျနော်တို့ ကျောင်းသားတွေဟာ အဆင့်တူ၊ နှုန်းထားတူညီစွာ လေ့လာသင်ယူကြတာတော့လည်း မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ အခြားမိသားစုများနဲ့ ကိုယ့်ရဲ့ မိသားစုကို မနှိုင်းယှဉ်ကြနဲ့။” သင်ယူလေ့လာမှုဆိုတာ ပြဋ္ဌာန်းစာထက် ပိုပါတယ်။ ပြဋ္ဌာန်းသင်ရိုးနဲ့ မာတိကာ၊ အကြောင်းအရာ၊ အချက်အလက်တွေကို ကုန်အောင် လေ့လာတာထက် “ပညာရေး” ဟာ ပိုကျယ်ဝန်းပါတယ်။ ပုံမှန် အချိန်ကာလတွေမှာ ဆိုရင်တော့ ကျောင်းတိုင်းက သင်ရိုးကုန်အောင်လို့ ကြိုးစားရုန်းကန် သင်ကြားကြလေ့ရှိပါတယ်။ “ပညာရေး” ဆိုတာကတော့ ပြဋ္ဌာန်းစာပါ အကြောင်းအရာတွေကို သိရှိနားလည်နိုင်တဲ့ စွမ်းရည်ပါပဲ၊ တနည်းအားဖြင့် ဆိုရရင် လိုအပ်တဲ့အချိန်မှာ အဲဒီအချက်အလက်တွေကို လေ့လာနိုင်စွမ်းရှိတာပါ။ ပဋိပက္ခ ဖြစ်ပွားနေတဲ့ နယ်မြေဒေသတွေက ကလေးများရဲ့ ပညာရေးကို သုတေသနပြု လေ့လာချက်တွေအရ သူတို့ရဲ့ ကျောင်းပညာရေးဟာ ရောဂါဘေး၊ အငတ်ဘေး၊ ပြည်တွင်းစစ်ဘေးတွေကြောင့် အနှောင့်အယှက်ဖြစ်ခြင်း၊ ကျောင်းမတက်ရခြင်းတွေကို ရင်ဆိုင်ကြရပါတယ်။ အဲဒီလိုအချိန်တွေမှာ ပညာရေးဟာ မိသားစုများရဲ့ ပုခုံးထက်ကို ရောက်လာတော့တယ်။ ဒီသုတေသနများရဲ့ တွေ့ရှိချက်တွေအရ မိသားစုတွေ၊ ဒါမှမဟုတ် ရပ်ရွာလူမှုအသိုင်းအဝန်းက စာတတ်မြောက်မှုစွမ်းရည်၊ သင်္ချာစွမ်းရည်နဲ့ လူမှုဆက်ဆံရေးစွမ်းရည်တွေကို လေ့ကျင့်ပေးနိုင်တဲ့ ကလေးများဟာ ကျောင်းတွေ ပြန်ဖွင့်တဲ့အခါမှာ ကျောင်းစာကို အဆင်ပြေပြေနဲ့ အချိန်မီ လိုက်ပါ လိုက်ဆောင်နိုင်ကြတာပါ။ ကိုဗစ်-၁၉ ကာလမှာ ဦးစားပေးသင့်တဲ့ စွမ်းရည် ၃ မျိုးလို့ ဆိုနိုင်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းနဲ့ အလွန်ကာလက ဥရောပဒုက္ခသည်တွေအကြားမှာ သုတေသန ပြုလုပ်ခဲ့တဲ့ ပါမောက္ခ Prof. Reuven Feuerstein ရဲ့ တွေ့ရှိချက်က စိတ်ဝင်စားစရာပါ။ ကိုယ့်ရဲ့ သားသမီးအပေါ်မှာ ယုံကြည်မှုရှိပြီး သင်ယူမှုစွမ်းရည်တွေကို အချိန်ယူ ပံ့ပိုးပေးနိုင်တဲ့ မိခင်များရဲ့ ကလေးတွေဟာ အကျပ်အတည်း ဒုက္ခတွေ၊ စိတ်ဒဏ်ရာတွေကို လွန်မြောက်ကျော်လွှားနိုင်စွမ်း ရှိပြီး သင်ယူ လေ့လာမှုမှာလည်း တိုးတက်မှု ရှိနေတာပဲ ဖြစ်ပါတယ်။ အဲဒီအတွက် အခုလို ကမ္ဘာ့ကပ်ရောဂါ ဘေးဒဏ်ကြောင့် စာသင်ကျောင်းတွေ အချိန်အကြာကြီး ပိတ်ထားရတဲ့အခါမှာ မိမိတို့ရဲ့ ရင်သွေးငယ်လေးတွေအပေါ်မှာ ယုံကြည်ချက်ကို ထားရှိပြီး သင်ယူလေ့လာမှုအပေါ် ချစ်မြတ်နိုးစိတ် ရှင်သန်နေအောင် ကူညီပံ့ပိုးပေးတာဟာ အကောင်းဆုံးသော လုပ်ဆောင်ချက်တွေပါ။ အိမ်မှာပဲ စာတတ်မြောက်မှုစွမ်းရည် literacy၊ သင်္ချာစွမ်းရည် Numeracy နဲ့ လူမှုဆက်ဆံရေးစွမ်းရည် Social skills တွေကို ဦးစားပေး သင်ကြားသင့်ပါတယ်။ ၁။ ကလေးများကို စာဖတ်တတ်အောင် ကူညီပေးပါ။ ကလေးများဟာ စကားလုံးတွေ များများ သိထားလေလေ သူတို့ရဲ့ ဝန်းကျင် ကမ္ဘာကြီးကို ပိုမို နားလည်နိုင်လေလေပါပဲ။ ဝေါဟာရတွေ ကြွယ်ဝလာစေဖို့ရာ ထိရောက်တဲ့ နည်းလမ်းတခုကတော့ စာဖတ်ခြင်းပါ။ အိမ်မှာ ကျောင်းစာသင်ရတာ အဆင်မပြေတဲ့ နေ့တွေမှာလည်း တကယ်လို့များ ကလေးကို ဆယ်မိနစ်လောက် စာဖတ်နိုင်ဖို့ တိုက်တွန်း ကူညီပေးနိုင်တယ်ဆိုရင် ဒါဟာ အောင်မြင်မှုလို့ ဆိုနိုင်ပါတယ်။ စာအုပ်တွေ ဖတ်ရှုခြင်းဟာ ကလေးများရဲ့ သိမှုစွမ်းရည်ကို ဖွံ့ဖြိုးစေပါတယ်၊ ကျောင်းပညာရေးမှာ အောင်မြင်မှုရှိဖို့ရာအတွက်လည်းပဲ ပြင်ဆင်ပေးရာ ရောက်တယ်။ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ကြီး OECD ရဲ့ သုတေသန တွေ့ရှိချက်အရ စာဖတ်ခြင်းဟာ အနာဂတ် ရည်မှန်းချက်တွေ အထမြောက်စေပြီး အလုပ်အကိုင်မှာလည်း အောင်မြင်မှု ရရှိခြင်းနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဝေါဟာရတွေ ကြွယ်ဝစေခြင်းဟာ ကလေးများ စိတ်ဒဏ်ရာတွေနဲ့ စိတ်ဖိစီးမှုတွေကို ကျော်လွန်လွတ်မြောက်နိုင်ဖို့အတွက် ကူညီတဲ့နေရာမှာ အရေးကြီးပါတယ်။ ကလေးများဟာ သူတို့ရဲ့အတွေ့အကြုံတွေကို သိမြင် နားလည်လာတဲ့အခါ သင်ယူလေ့လာဖို့နဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေအတွက် စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ၊ အကြံဉာဏ်တွေ ရရှိလာကြတယ်။ တကယ်လို့ ကလေးက စာဖတ်ဖို့ရာ ငြင်းဆန်နေတယ်ဆိုရင် ဇွဲနပဲနဲ့ စာဖတ်လာစေဖို့ရာ တဖြည်းဖြည်း ပျိုးထောင်ပေးရပါမယ်။ တရက်ကို ငါးမိနစ်တာ စာဖတ်ခြင်းနဲ့ အစပျိုး လေ့ကျင့်နိုင်တယ်။ တရက်ထက် တရက် တမိနစ်စီ တိုးတိုးသွားတာမျိုး။ ဇွဲနပဲဆိုတာ ခန္ဓာကိုယ်ကြွက်သားတွေလိုပဲ လေ့ကျင့်ပေးရတယ်ဆိုတာ ရှင်းပြပါ။ သူတို့ နှစ်ခြိုက်တဲ့စာတွေကို ရွေးချယ်ဖတ်ရှုပါစေ၊ တိုးတက်လာမှုကို ချီးကျူး ဂုဏ်ပြုဖို့ကိုလည်း မမေ့ပါနဲ့။ စာဖတ်ခြင်းဟာ ခက်ခဲတဲ့ တောင်တက် ခရီးကြမ်းလိုမျိုး ဖြစ်နေရင် နက်နဲခက်ခဲတဲ့ စာအုပ်ထူထူကြီးတွေကိုတော့လည်း ရွေးချယ်မနေပါနဲ့ဦး။ ကာတွန်းစာအုပ်တွေ၊ ရယ်စရာ ဟာသစာအုပ်တွေကို ဖတ်ရှုတာဟာ စာ လုံးဝမဖတ်တာထက် ပိုလို့ကောင်းပါတယ်။ ပုံပြင်၊ ရွှေသွေး၊ တေဇ၊ ပလုပ်တုပ်ဂျာနယ်နဲ့ အခြား ပေါ့ပေါ့ပါးပါး စာတွေကို ရွေးပေးပါလေ။ ကလေးတွေကို ပုံပြင်၊ ဇာတ်လမ်းတွေလည်း ပြောပြပေးပါ။ ပုံဝတ္ထုတွေ ပြောပြတာဟာ မိသားစုစိတ်ဓာတ်နဲ့ ရင်ဆိုင်နိုင်စွမ်းကို ပျိုးထောင်ပေးပါတယ်။ ယူဂန်ဒါနိုင်ငံ မြောက်ပိုင်းဒေသ ပဋိပက္ခအထဲက ကလေးငယ်ရဲ့ သင်ယူလေ့လာပုံ စစ်တမ်းတခုမှာ ဆရာများဟာ မိဘ ဘိုးဘွားတွေ ဆုံးရှုံးမှုတွေရှိနေတဲ့အတွက် မျိုးဆက်များ ပုံဝတ္ထုထဲမှာ ကြေကွဲဝမ်းနည်းဖွယ်ရာတွေကို ပြောပြပေးခဲ့ကြတယ်။ ပုံပြင်ဇာတ်လမ်းလေးတွေဟာ ကလေးငယ်များကို ယဉ်ကျေးမှုချင်း ဆက်သွယ်ပေးနိုင်ပြီး ဘေးအန္တရာယ်ဆိုးတွေကို ကျော်လွှားကြပုံတွေကလည်း အတုယူစရာတွေ ရှိနေပါတယ်။ ကပ်ရောဂါကာလလို ခက်ခဲတဲ့အချိန်တွေမှာ ကျောင်းစာနဲ့ ပတ်သက်ပြီး လုပ်သမျှကတော့ စာဖတ်ခြင်း၊ ပုံဝတ္ထုပြောပြခြင်း၊ ရေးသားခြင်းတွေပဲဆိုရင်လည်း နောက်ပိုင်းမှာ ဘာသာစကား စွမ်းရည်အတွက် အချိန်မီ ပြန်လိုက်နိုင်ကြမှာပါ။ ၂။ သင်္ချာစွမ်းရည်ကို ဇွဲရှိရှိ လေ့ကျင့်နိုင်ပါစေ။ သင်္ချာဘာသာရပ်မှာ အဓိကသင်ယူလေ့လာရမယ့် နယ်ပယ် ၃ ရပ်ရှိပါတယ်။ (၁) ကိန်းဂဏန်းများနှင့် အက္ခရာသင်္ချာ၊ (၂) အတိုင်းအတာနှင့် ဂျီဩမေတြီ၊ (၃) စာရင်းအင်းသင်္ချာနှင့် ဖြစ်တန်စွမ်း။ စံနှုန်းခေါင်းစဉ်ကြီး Strands တွေလို့ ဆိုနိုင်ပါတယ်။ မူလတန်း အောက်ဆင့်မှာကတည်းက ဒီစံနှုန်းနယ်ပယ်တွေကို မိတ်ဆက်သင်ကြားပြီး သင်ရိုးကို တဆင့်ချင်း၊ တတန်းချင်း ပိုမိုခက်ခဲ၊ နက်နဲ၊ ရှုပ်ထွေးတဲ့ သင်္ချာပညာရပ်ကို ပင့်ကူအိမ်သဏ္ဌာန် ယှက်ဖွဲ့ တည်ဆောက်ရပါတယ်။ မိဘတဦးအနေနဲ့ သင်ရိုးတည်ဆောက်ပုံကို အသေးစိတ် လေ့လာဖို့၊ နားလည်ဖို့ရာတော့လည်း မလိုအပ်လှပါဘူး။ ကျောင်းသင်ရိုးက အသင့် တည်ဆောက်ဖွဲ့စည်းပေးထားပြီးသားပါ။ ကျောင်းသင်ရိုးနဲ့ လပိုင်းမာတိကာအလိုက် လိုက်နာ သင်ကြားပေးနိုင်ပါတယ်။ အားလုံးကို နားလည်ဖို့အတွက် ကလေးအနေနဲ့ အခက်အခဲ ဖြစ်နေရင်တော့ တရက်ကို သင်္ချာ နည်းနည်းစီ တွက်ချက်လေ့လာဖို့ စီစဉ်ပေးသင့်တယ်။ နေ့စဉ် အချိန်ပိုင်းလေ့ကျင့်မှု (တရက်ကို ၁၅ မိနစ်ဖြစ်ဖြစ်) က တနေ့ကုန်လုံး သင်္ချာချည်း တွက်ခိုင်းတာထက် ပိုလို့ သင့်တော်ပါတယ်။ ရက်သတ္တ တပတ်လုံးမှ တရက်ပဲ သင်္ချာလုပ်တာမျိုးက နောက်အပတ်ဆို ကလေးတွေဟာ မေ့သွားတတ်လို့ပါ။ ကလေးက သင်္ချာ မတွက်ချက်ချင်ဘူး၊ ငြင်းဆန်နေခဲ့ရင်တောင်မှ တရက်ကို ဆယ်မိနစ်ခန့် လေ့လာမှုဟာ လုံးဝ မလေ့လာတာထက် ပိုပြီး အဆင်ပြေစေပါတယ်။ ရက်စဉ် ဆယ်မိနစ်စီဟာ ရေရှည်မှာ တာသွားပါတယ်။ အဲဒီလိုမျိုး သင်္ချာဇွဲလုံ့လကို ပျိုးထောင်ပေးခြင်းဟာ အများကြီးကို တချိန်တည်းမှာ သင်ကြားပေးတာထက် ပိုမိုသင့်တော်လှပါတယ်။ အချိန်နာရီ၊ မိနစ်တွေကို ကလေးတွေ နားလည်အောင် လေ့ကျင့်ပေးသင့်တယ်။ မြန်မာဆိုရိုးစကားဖြစ်တဲ့ အချိန်ရှိခိုက် လုံ့လစိုက်၊ အချိန်သည် လူ၏ မိတ်ဆွေ၊ အချိန်ကို အကျိုးရှိစွာ အသုံးချပါ... စတဲ့ အဓိပ္ပာယ်တွေ သူတို့လေးတွေရဲ့ နှလုံးသားထဲ ရောက်ပါစေ။ ဆယ်မိနစ် အချိန်တိုလေး အတောအတွင်းမှာ သင်္ချာပုစ္ဆာ ဘယ်လောက်ထိ တွက်ချက်နိုင်သလဲဆိုတာ သူတို့ကိုယ်တိုင် သိနားလည်ပါစေ။ တဖြည်းဖြည်းနဲ့ သင်္ချာချိန်ကို တိုးသွားရမှာပါ။ သင်္ချာစွမ်းရည်ဆိုတာ သင်္ချာပုစ္ဆာတွေကို ဖြေရှင်းတာထက် ကျော်လွန်တဲ့ အဓိပ္ပာယ် ရှိပါတယ်။ ပြဿနာတွေကို ဖြေရှင်းခြင်း၊ အဓိပ္ပာယ်ဖော်ထုတ်ခြင်း၊ ဝေဖန်ပိုင်းခြားတဲ့ ဆင်ခြင်ဉာဏ်ရှိခြင်းတို့ ပါဝင်တယ်။ အိမ်မှာ နေပြီး ကလေးတွေ သင်္ချာပညာ အသိဗဟုသုတ တိုးပွားစေဖို့အတွက် သူတို့လေးတွေကို ရေတွက်ခြင်း၊ တိုင်းထွာခြင်း၊ တွက်ချက်ခြင်း၊ နှိုင်းယှဉ်ခြင်းနှင့် ခန့်မှန်းခြင်းတို့ကို လက်တွေ့ကျကျ သင်ယူခွင့် ရရှိဖို့ လိုအပ်ပါတယ်။ မက်သလက်တစ် Mathletics လိုမျိုး အွန်လိုင်း သင်္ချာလေ့လာမှု အစီအစဉ်တွေက မူလတန်းအရွယ် ကလေးရှိတဲ့ အလုပ်များနေသော မိဘတွေအတွက် အထောက်အကူ ဖြစ်နိုင်ပါတယ်။ မြန်မာပညာရေးအဖွဲ့အစည်းတွေကလည်း အွန်လိုင်း လေ့လာမှုတွေကို တီထွင် ဖန်တီးပေးနေကြပါတယ်။ ဒါပေမဲ့လို့ လက်တွေ့ကျကျ သင်္ချာလေ့လာမှုတွေကိုတော့ ချက်ပြုတ်တဲ့ အခါမျိုး၊ အချိန်မေးတဲ့အခါမျိုး၊ စျေးဝယ်တဲ့အခါ ငွေကြေးတွက်ချက်တာမျိုးကနေ သင်္ချာနဲ့ အခြားသော စွမ်းရည်တွေကို လက်တွေ့လေ့လာခွင့် ရရှိနိုင်တာပါ။ ၃။ လူမှုဆက်ဆံရေးစွမ်းရည် ပညာရေးသုတေသနက လူမှုဆက်ဆံရေး စိတ်ခံစားမှုဉာဏ်ရည်ဟာ ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုနဲ့ ကိုယ် စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းစေဖို့ အများကြီးပဲ အရေးကြီးတယ်လို့ ဆိုပါတယ်။ လူမှုဆက်ဆံရေး စွမ်းရည်များကို ကလေးတွေဟာ အလိုအလျောက် ရရှိကြတာတော့လည်း မဟုတ်ပါဘူး။ အသေအချာကို အချိန်ယူ လေ့ကျင့် ပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ ဒီစွမ်းရည်ထဲမှာ အပြုအမူတွေ၊ စည်းကမ်းရှိမှုတွေ၊ ဆက်ဆံရေးတွေ၊ မိမိကိုယ်ကိုယ် တာဝန်ယူတတ်ခြင်းနဲ့ တကိုယ်ရေကျန်းမာ သန့်ရှင်းရေးတွေ ပါရှိတယ်။ အကောင်းဆုံး သင်ခန်းစာတွေကို မိသားစုများထံကပဲ ရရှိနိုင်ပါတယ်။ ပညာရေးနှင့် ကလေးသူငယ်ဖွံ့ဖြိုးမှု သုတေသန လေ့လာတွေ့ရှိမှုတွေအရ အန္တရာယ်ကင်းပြီးတော့ ကူညီရိုင်းပင်းမှုပေးတဲ့ မိသားစု ဝန်းကျင်ငယ်လေးဟာ ကလေးများအတွက် အပြုသဘောဆောင်တဲ့ အနာဂတ်ဘဝကို ပိုင်ဆိုင်ခွင့်အတွက် အခရာကျပါတယ်။ ကလေးများရဲ့ တနေ့တာ လုပ်ငန်းဆောင်တာ အမျိုးမျိုးထဲမှာ လူမှုဆက်ဆံရေး စွမ်းရည်ကို ထည့်သွင်း ပေးနိုင်ပါတယ်။ ဥပမာ- မနက် ၈ နာရီ မထိုးမီမှာ အိပ်ရာသိမ်းတာ၊ အဝတ်အစားလဲတာ၊ သွားတိုက်တာ၊ ဆံပင်ဖြီးတာတွေအားလုံး ပြီးစီးနေရမယ်။ ထမင်းစားပွဲမှာ ဘယ်လိုစားသောက် ပြုမူ၊ ပြောဆိုသင့်တယ် ဆိုတာကို သင်ကြားပေးနိုင်တယ်။  တရက်တာကို ဘယ်လို အသုံးချမလဲ ဆိုတာမျိုးအတွက် ဖြစ်ဖြစ်၊ အလုပ်တခု ပြီးတဲ့အခါ ပြန်လှန်စဉ်းစားတဲ့ အချိန်မျိုးဖြစ်ဖြစ်၊ အနားယူချိန်ဖြစ်ဖြစ် သီးသန့်ထားပြီး လွတ်လွတ်လပ်လပ် လုပ်ပါစေ။ ကိုယ်တာဝန်ကို ကိုယ် ယူတတ်ဖို့ လေ့ကျင့်ခြင်းပါပဲ။ ရိုးစင်း လွယ်ကူလွန်းတယ်လို့ ထင်မြင်စရာ ရှိနေပေမယ့် လူတွေအားလုံးဟာ တဦးနဲ့ တဦး မတူ ကွဲပြားကြတယ် ဆိုတာမျိုးကို ကလေးတွေ သိမြင်နားလည်ခွင့် ရရှိတာဟာလည်း ပညာရည် ဖွံ့ဖြိုးမှုအတွက် အခရာကျတဲ့ အချက်ပါ။ ငယ်ရွယ်တဲ့သူတွေအနေနဲ့ လူတွေရဲ့ မတူကွဲပြားတဲ့ နောက်ခံဘဝတွေ၊ အတွေ့အကြုံတွေနဲ့ အမြင် သဘောထားတွေကို သိနားလည်တဲ့အခါ သူတို့လေးတွေရဲ့ ထင်မြင်ယူဆမှုတွေ၊ ရပ်တည်ချက်တွေကို ပြန်လှန်မေးခွန်းထုတ်လို့ သုံးသပ်ဆင်ခြင်တတ်လာမယ်။ အခြားသူများရဲ့ အမြင်သဘောထားကိုလည်း နားထောင်တတ်တဲ့အလေ့ ရရှိလာမယ်။ အခုလို အိမ်မှာ အကြာကြီး နေထိုင်ရတဲ့ အချိန်ကာလလိုမျိုးမှာ တီဗွီချန်နယ်တချို့ကလာတဲ့ လူတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတ ဖြစ်ဖွယ်ရာရာတွေကို အတူတကွ ကြည့်ရှုခွင့် ရရှိပါတယ်။ လူတွေ၊ နေရာဒေသဆိုင်ရာ ပုံပြင်ဝတ္ထုတွေကို ဖတ်ရှုခွင့် ရရှိနိုင်မယ်။ မတူကွဲပြားတဲ့ ဘဝနေနည်းတွေကို သိမြင် နားလည်လာပါမယ်။ ကိုဗစ်-၁၉ ကမ္ဘာကပ်ရောဂါ ကာလမှာ အိမ်မှာပဲ နေထိုင်ရစဉ် နေ့ရက်၊ လ အချိန်တွေမှာ ရင်သွေးငယ်လေးတွေဟာ ဒီအခြေခံစွမ်းရည် ၃ မျိုးဖြစ်တဲ့ (စာတတ်မြောက်ခြင်း၊ သင်္ချာစွမ်းရည်နဲ့ လူမှုဆက်ဆံရေး စွမ်းရည်တွေ) ကို အသေအချာ လေ့လာခွင့်၊ လေ့ကျင့်ခွင့်တွေ ရရှိထားမယ်ဆိုရင် သူတို့ရဲ့ ကျောင်းပညာရေး ခရီးလမ်းအတွက် အလားအလာ ကောင်းမွန်နေမှာပါ။ ဒီဘာသာရပ်နယ်ပယ်တွေကို အခြေခံပြီးတော့ အခြားသော ဘာာသာရပ်နယ်ပယ် အသီးသီးဟာ ဖွံ့ဖြိုးလာနိုင်လို့ပါပဲ။ မြန်မာကလေးများရဲ့ ပညာရေး အဆက်မပြတ်စေဖို့ မိဘများက ကူညီပေးရင်း ကပ်ရောဂါဘေးကို အောင်အောင်မြင်မြင်၊ အကျိုးရှိရှိ မိသားစုတွေ ဖြတ်သန်းနိုင်ကြပါစေ။ သိန်းနိုင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024