Home
မေးမြန်းခန်း
အီးယူက မြန်မာအပေါ် ဆန်ရှင်ရုပ်မယ့်ကိစ္စ အလောမကြီးသင့် – ဦးဝင်းတင်
အေးနိုင်
·
April 19, 2013
မြန်မာနိုင်ငံကို ဥရောပသမဂ္ဂ (အီးယူ)က ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ အကုန်လုံးကို လက်နက်တင်ပို့မှုကလွဲလို့ ရုပ်သိမ်းတော့မယ်ဆိုတဲ့သတင်း ထွက်ရှိမှုအပေါ် အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်ဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်က အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်ဟာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ အကုန်လုံးကို ရုပ်သိမ်းရလောက်အောင် ထူးထူခြားခြား အပြောင်းအလဲမရှိသေးဘူးလို့ ထောက်ပြပြီး အလောတကြီး မလုပ်ဆောင်ဖို့ သတိပေးလိုက်ပါတယ်။ ရိုက်တာသတင်းတခုမှာ အီးယူက မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့မှုက လွဲပြီး စီးပွားရေးပိတ်ဆို့မှု အားလုံးကို ရုပ်သိမ်းဖွယ်ရှိကြောင်း အထောက်အထားတခု ရတယ်လို့ ရေးပါတယ်။ အီးယူက စီးပွားရေးပိတ်ဆို့မှုတွေ လုံးဝရုပ်သိမ်းသင့်တဲ့အချိန်ရောက်ပြီလို့ ယူဆပါသလား။ "ဒီကိစ္စတွေက အနောက်အုပ်စု အိုဘားမားကနေ ရုပ်သိမ်းတဲ့အချိန်ကနေစပြီး တသံတည်းလို ထွက်လာပြီး ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ ရောက်လာတယ်။ အမှန်အတိုင်းပြောရရင် ကျနော်ကတော့ အမေရိကန်အစိုးရ ရုပ်သိမ်းတဲ့အချိန်ကစပြီးတော့ ပြောတယ်။ ဒါဟာ ရုပ်သိမ်းဖို့အထိ ရောက်တာ ဟုတ်ရဲ့လား၊ ကျနော်ကတော့ ရောက်တယ်လို့ မထင်ဘူး။ ဦးသိန်းစိန်အစိုးရက ဒီမိုကရေစီအပြောင်းအလဲကို ဟန်ပြလုပ်နေတာ။ ပြည်သူလူထုအများစုကြားထဲမှာ ထင်မြင်ချက်တွေ ဖန်တီးလို့ရအောင် ပြောင်းလဲတာတွေ လုပ်နေတယ်၊ နောက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း ဒီနေ့ထိ ရှိသေးတယ်။ အဲဒါကြောင့် ကျနော်ကတော့ ရုပ်သိမ်းတာ စောတယ်လို့ပဲ ရပ်တည်ခဲ့တယ်။ ဒီအချိန် အီးယူကနေ ပြောမယ်ဆိုရင်လည်း ကျနော်က ဒီနေ့ဒီအချိန်ထိ အဲတိုင်းပဲ ပြောချင်တယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေက နေရာပေါင်းများစွာမှာ ရှိတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကချင်ဘက်မှာလည်း တိုက်ပွဲတွေမှာ ပြဿနာတွေ ရှိသေးတယ်။ နောက် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေလို့ ပြောလို့ရတဲ့ မိတ္ထီလာတို့မှာလည်း ပျံ့လွင့်နေတယ်။ အလားတူ ဒီမိုကရေစီရေးနဲ့ ပတ်သက်ရင်လည်း ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ မြို့ပေါင်းများစွာမှာ ဆန္ဒပြခွင့်ပေးတယ်ဆိုတောင်မှ သေချာပြခွင့်ပေးတာ မဟုတ်ဘူး။ ဆန္ဒပြတဲ့ လူပေါင်းများစွာကိုလည်း တရားစွဲတာတို့ လုပ်နေတာတွေ၊ ထောင်ချတာတောင် လုပ်နေသေးတယ်။ "အလားတူပဲ လက်ပန်းတောင်းစီမံကိန်းနဲ့ ပတ်သက်လို့လည်း အသေအချာ ဆွေးနွေးနိုင်ခွင့် မရှိသေးဘူး။ သူတို့နဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့သူတွေအကုန်လုံး၊ ခရိုနီတွေကလည်း တိုင်းပြည်မှာ စီးပွားရေး လက်ဝါးကြီးအုပ်နေတာတွေ အများကြီး ရှိသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရင်းနှီးမြှုပ်နှံမှုတွေလာမယ်။ စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းမယ်ဆိုရင်လည်း အကုန်လုံးက စဉ်းစားပြီးတော့ အလောတကြီးနဲ့ မလုပ်ဖို့ ပြောနေတယ်။ အဲစကားကို ကျနော်ထောက်ခံပါတယ်။ သဘောတူတယ်။ အလောတကြီးတော့ မလုပ်စေချင်ဘူး။ အမေရိကန် ဆုံးဖြတ်ချက်အတိုင်း အီးယူတို့ကလည်း လိုက်လုပ်တယ်ဆိုတဲ့အခါကျတော့ ပြောဖို့တော့ ခက်တယ်။ ကျနော့်အနေနဲ့ကတော့ အလောတကြီး မလုပ်ပါနဲ့ဆိုတဲ့ စကားလုံးကို သုံးချင်တယ်။ ရင်းနှီးမြှုပ်နှံမှုတွေ လာမယ်ဆိုရင်လည်း ချင့်ချင့်ချိန်ချိန်နဲ့ လုပ်ပါဆိုတဲ့ စကားမျိုးကိုပဲ ကျနော် ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ တိုင်းပြည်ရဲ့အနေအထားက ဒီမိုကရေစီအပြောင်းအလဲက အခိုင်အမာကြီး ဖြစ်ထွန်းနေတယ်လို့ ကျနော်တို့အနေနဲ့ မယူဆသေးဘူး။ အလားတူ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း လုံးလုံးကြီး ပျောက်သွားတယ်လို့ မယူဆသေးဘူး။ ဒီနေ့အချိန်ထိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ၃၀၀ အခုထိ ရှိတုန်းပဲ။ နောက် တချို့အမှုတွေဆိုရင် ဥပမာ ကျနော့်ရဲ့ ကိုယ်ရေးကိုယ်တာ ပြောရမယ်ဆိုရင် ထောင်ထဲကနေပြီး ၀တ်လာတဲ့ အင်္ကျီအပြာကိစ္စတောင် ပြန်အပ်ဖို့နဲ့ ကျနော့်ကို တရားစွဲမယ်ဆိုပြီး ပြောတာ ရှိတယ်။ စွဲရင်လည်း စွဲမှာပဲ။ ကျနော် သူတို့ရဲ့ ပစ္စည်းကို ခိုးလာတာလည်း မဟုတ်ဘူး။ ထောင်ဘူးဝကို ထွက်လာတာ ကျနော် ထောင်ထဲက အ၀တ်အစားကို ၀တ်လာတဲ့အတွက် လဲဖိုအချိန်လည်း မရှိဘူးဆိုတဲ့ အခြေအနေမျိုးနဲ့ လုပ်လာခဲ့တာ။ အဲလို ကိစ္စမျိုးတွေ အများကြီး ကျန်နေသေးတဲ့အတွက် အီးယူအနေနဲ့ အများကြီး ဆင်ခြင်သင့်တယ်။ သို့သော် စီးပွားရေးပိတ်ဆို့မှု ရုပ်ဖို့နဲ့ ပတ်သက်ပြီး သူတို့က တရားဝင် ဆုံးဖြတ်ပြီးပြီဆိုတော့ မလွဲမသွေ ပေါ်လာတော့မယ် ထင်တယ်။ အဲလိုဆိုရင် အဲဒီဟာရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေကို ပိုပြီးတော့ ချင့်ချင့်ချိန်ချိန်နဲ့ လုပ်ဖို့၊ စဉ်းစဉ်းစားစားလုပ်ဖို့၊ ပိုပြီးတော့ အချိန်ယူလုပ်ဖို့ လိုမယ်လို့ ကျနော်ကတော့ ယူဆတယ်။" ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေတယ်၊ ပြည်သူတွေကို ဆွဲခေါ်ရမယ်၊ ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်ဖို့ မြန်မာပြည်နဲ့ ဆက်ဆံရမယ်ဆိုတဲ့ အနေအထားကို တော်တော်များများက ထောက်ခံနေကြတယ်။ အဘက ကွဲပြီးတော့ ကျန်နေခဲ့တဲ့ သဘောမျိုး ဖြစ်မနေဘူးလား။ “တကယ်က မပြည့်စုံသေးဘူးလို့ ကျနော်ပြောချင်တယ်။ လွတ်လပ်ခွင့်တွေ သူက ပေးနေတယ်လို့ ပြောတယ်။ သူတို့ တပြိုင်တည်း စာနယ်ဇင်းကို ကန့်သတ်ပြီး လုပ်နေတယ်။ ပုံနှိပ်သူများနဲ့ ထုတ်ဝေသူများ ဥပဒေကြမ်းဆိုတာ တင်တယ်။ အဲဒါနဲ့ ပတ်သက်ပြီး စာနယ်ဇင်းလောက တခုလုံးက တညီတညွတ်တည်း ၀ိုင်းပြီး ကန့်ကွက်တယ်။ ကန့်ကွက်တော့ သူတို့ဟာကို လျှော့မပေးဘူး။ ဒါပေမယ့် ဆွေးနွေးပါဆိုပြီးတော့ စာနယ်ဇင်းသမားတွေနဲ့ တွေ့ဦးမယ်။ စာနယ်ဇင်းသမားတွေ ပြောတဲ့အတိုင်း လုပ်ရမယ်ဆိုလည်း စာနယ်ဇင်းသမားတွေ ပြောနေတဲ့ မီဒီယာဥပဒေကို လုပ်မယ်ဆိုပြီး ပြင်မယ်လုပ်မယ်ဆိုတဲ့ အနေအထားတွေ ရှိပါတယ်။ ဒီလိုဟာမျိုးတွေ အများကြီး လုပ်နေတာ ရှိပါတယ်။ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ခွင့်ပေးတယ်ဆိုပြီး ပြောတာလည်း ရှိတယ်။ ပြောတယ်ဆိုပေမယ့် ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေတာနဲ့အတူ သူတို့ဘက်ကနေ အပိုင်စီးပြီး လက်ဦးမှု ယူထားတဲ့ အစိုးရသတင်းစာတွေရဲ့ အနေအထားတွေ အများကြီး ရှိပါတယ်။ ကျနော်တို့ ပြောချင်တာကတော့ ဒီဟာတွေက မလုံလောက်ဘူး၊ ဦးသိန်းစိန်အစိုးရရဲ့ ဒီမိုကရေစီအပြောင်းအလဲက မလုံလောက်ဘူးဆိုပြီး ပြောနေတာက သီးခြားပြောနေတာမဟုတ်ဘူး။ “ဥပမာ ဒေါ်အောင်ဆန်းစုကြည် ခဏခဏပြောနေတဲ့ တပ်မတော်နဲ့ ပူးပေါင်းလုပ်ရေးတို့၊ ဦးသိန်းစိန်အစိုးရနဲ့ ပူးပေါင်းလုပ်ရေးတို့၊ ဒါတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်၊ နိုင်ငံရေး ဦးတည်ချက် လုပ်ငန်းစဉ်ကြီး အကောင်အထည်ဖော်တယ်လို့ ယူဆတဲ့အတွက် ဒါတွေကို မူအားဖြင့် လက်ခံတယ်၊ ၀န်းရံတယ်။ သို့သော် ပြည်တွင်းမှာ အတိုက်အခံစည်းဆိုတာ ကျနော်တို့မှာ ရှိတဲ့အခါကျတော့ ကြည့်တဲ့အခါမှာ ကျနော်တို့ အတိုက်အခံ မျက်စိနဲ့ ကြည့်တယ်။ အတိုက်အခံဆိုတာက ကျနော်တို့ အစိုးရကို အမြဲတမ်းဆန့်ကျင်နေတာမဟုတ်ဘူး။ ကျနော်တို့ရဲ့ ကိုယ်ပိုင်မူဝါဒတွေရှိတယ်။ ကိုယ်ပိုင်သဘောထားတွေရှိတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့၊ ဒီမိုကရေစီနဲ့ ပတ်သက်လို့၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပတ်သက်လို့၊ အယူအဆတွေ ရှိတော့ ဒီအယူအဆတွေအတိုင်း ကျနော်တို့က ကိုင်စွဲနေတယ်။ အဲလို ကိုင်စွဲနေတာနဲ့အတူ ကျနော်တို့ရဲ့ အတိုက်အခံဆိုတဲ့ စိတ်ဓာတ်၊ ရပ်တည်ချက်မျိုးက ပေါ်နေတာပဲ။ အစိုးရက သူတို့ကိုယ်သူတို့ ဒီမိုကရေစီလို့ လက်ခံနေတယ်၊ ပြောနေတယ်။ အဲတော့ ဒီမိုကရေစီအစိုးရလက်ထက်မှာ ကျန်တဲ့ ဒီမိုကရေစီအင်အားစုတွေက သူတို့နဲ့သာ ပူးပေါင်းလုပ်ရမယ်၊ ပူးပေါင်းလုပ်မှသာ မှန်တယ်၊ ဒီအစိုးရကို အတိုက်အခံမလုပ်ရဘူးဆိုတဲ့ သဘောထားတွေ ပေါ်နေတယ်။ အဲတော့ ဒီခေတ်မှာ ဝေလေလေ လုပ်လို့ရတဲ့ စိတ်ဓာတ်တွေက များလွန်းအားကြီးတော့ ဦးသိန်းစိန်အစိုးရဘက်က လူတွေကလည်း အကုန်လုံး လိုက်ပြီး ဆော်ဩနေကြတယ်။ ဦးသိန်းစိန်သမ္မတအဖွဲ့ဟာ ဒီမိုကရေစီနည်းနဲ့ လုပ်နေတယ်ဆိုပြီး အတင်းဝိုင်းအော်လိုက်တော့ ဦးသိန်းစိန်အစိုးရကို အတိုက်အခံတောင်မှ မရှိသင့်တဲ့ သဘောမျိုးဖြစ်နေတယ်။ ဥပမာ ဒီမိုကရေစီနိုင်ငံ အမေရိကားမှာ ဒီမိုကရက်တို့၊ ရီပတ်ပလီကန်တို့ဆိုရင် ဒီမိုကရေစီအစိုးရတွေပဲ၊ ဒီမိုကရေစီ နိုင်ငံပဲ။ ဒါပေမယ့် အတိုက်အခံဆိုတာတော့ ရှိတယ်။ ကိုယ့်ရဲ့ မူဝါဒအတွက် အာဏာရယူရေး၊ တိုင်းပြည်အကျိုးဆောင်ရွက်ဖို့ အာဏာရရှိအောင်လို့ ပြည်သူရဲ့ အဆုံးအဖြတ်ကို ခံယူတဲ့ ရွေးကောက်ပွဲဝင်တာတို့၊ ရှိနေတာပဲ။ "အဲတော့ ကျနော်တို့ဆီမှာ တဖြည်းဖြည်းနဲ့ ဘယ်လိုဖြစ်လာလဲဆိုတော့ ဦးသိန်းစိန်အစိုးရကို ကျနော်တို့က အတိုက်အခံစိတ်ဓာတ်တောင် မမွေးရဘူးဆိုတဲ့ အနေအထားမျိုး ဖြစ်လာတယ်။ အဲဒါတွေက ဘာပြလဲဆိုတော့ ဒီမိုကရေစီ ခန်းခြောက်ခြင်း၊ ဒီမိုကရေစီ ညှိုးရော်ခြင်း၊ ဒီမိုကရေစီ မလန်းဆန်းခြင်းကို ပြတယ်လို့ ယူဆတယ်။ စစ်အစိုးရကြီး၊ အာဏာရှင်တဖြစ်လဲ အစိုးရကြီးဆိုပြီး လှုပ်ရှားမှုတွေ ပေါ်လာတဲ့အခါမှာ အမေရိကန်အစိုးရဟာ အမြဲတမ်းကြည့်ပြီးတော့ သူတို့နဲ့သိပ်ပြီး မသင့်ဘူးဆိုတဲ့အခါမှ၊ သူတို့ကို အတင်းဆန့်ကျင်တဲ့အခါမှ ပြန်ပြီး အရေးယူတာမျိုး ရှိတယ်။ ဒါမှမဟုတ်ရင်တော့ အာဏာရှင်အစိုးရကြီး၊ စစ်အစိုးရတဖြစ်လဲ အစိုးရတွေကို အမြဲတမ်း လွယ်လွယ်ကူကူနဲ့ သိမ်းသွင်းယူပြီး ပြောင်းလဲဆက်ဆံတယ်။ မြန်မာပြည်မှာလည်း အလားတူပဲ။ အိုဘားမားအစိုးရဟာ မြန်မာပြည်အစိုးရအပေါ် ဘယ်လောက် အပြောင်းအလဲတွေ မြန်လိုက်သလဲ။ အဲဒါကို ကျနော်တို့က အနောက်နိုင်ငံကြီးတွေ ဆုံးဖြတ်တိုင်း၊ ဒီမိုကရေစီနိုင်ငံတွေ ဆုံးဖြတ်တိုင်း၊ အလောသုံးဆယ် မဆုံးဖြတ်ပါနဲ့၊ ချင့်ချင့်ချိန်ချိန်စဉ်းစားရင်း ဆုံးဖြတ်ပါ။ ဒီအစိုးရ ပြောတိုင်းလည်း မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။ ဒါဟာကျနော့်ရဲ့ သီးခြားသဘောထား၊ ရပ်တည်ချက် မဟုတ်ဘူးလို့ ပြောချင်ပါတယ်။” ဒေါ်အောင်ဆန်းစုကြည်က အခု ၆၈ ထဲ ၀င်ပြီဆိုတော့ ၂၀၁၅ မှာ အသက် ၇၀။ အဲဒီကာလလောက်အထိမှာ သမ္မတလို အကြီးအကဲ ဖြစ်နိုင်လား၊ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေအရ။ “ဖြစ်နိုင်ပါတယ်။ ဦးသိန်းစိန်လို လူမျိုးတောင်မှ သမ္မတ လုပ်နိုင်သေးရင် ဒေါ်စုက ဦးသိန်းစိန်ထက် ကျန်းမာတယ်၊ ဦးသိန်းစိန်ထက် ပိုပြီးအသိဥာဏ်ပိုကြီးမားတယ်၊ ဦးသိန်းစိန်ထက် နိုင်ငံရေးဩဇာ ပိုကြီးမားတယ်၊ ဦးသိန်းစိန်ထက်ပိုပြီးတော့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြည်သူတွေရဲ့ ထောက်ခံမှု၊ ကမ္ဘာရဲ့ ထောက်ခံမှုတွေ ပိုရတဲ့ ပုဂ္ဂိုလ်ပဲ။ အဲတော့ ဦးသိန်းစိန်ကတောင်မှ သူက ကျန်းမာရေးသာ ကောင်းရင် သမ္မတ သက်တမ်းတခု ဆက်လုပ်ပါဦးမယ်ဆိုပြီး ပြောထားပြီးပြီ။ လုပ်ဖို့လည်း ပြင်ထားပြီးပြီ။ ဒါကြောင့်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေ အစိုးရရဲ့ ဥက္ကဋ္ဌရဲ့ တာဝန်တို့ကို အခြေခံဥပဒေရဲ့ ကန့်သတ်ချက်တွေ၊ သတ်မှတ်ချက်တွေ၊ ပြဋ္ဌာန်းချက်တွေကို ဆန့်ကျင်ပြီးတော့ အခုချိန်ကစပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌတောင်မှ လုပ်နေတာပဲ။ အဲတော့ ဒေါ်စုက ဘာလို့ မလုပ်နိုင်ရမှာလဲ။ ပိုပြီးတော့ လုပ်နိုင်တာပေါ့။ တခုပဲ ရှိတယ်။ ဒေါ်စုလုပ်မရအောင် သူတို့က အမြဲတမ်း ကြံစည်နေတယ်။ အခုဆိုရင် အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ လက်ဦးမှုရအောင် သူတို့ကစပြီး အဆိုတင်သွင်းတယ်။ အဲဒီအခါ ဘာလုပ်မလဲဆိုရင် ဒေါ်စုကို သမ္မတ အရွေးခံလို့ရအောင် သမ္မတလောင်းအဖြစ်နဲ့ တင်လို့ရအောင်မျိုး အခြေခံဥပဒေကို ပြင်လို့ရအောင် လုပ်စေချင်တယ်။ တကယ့်အခြေခံဥပဒေမှာ အရေးကြီးတဲ့ စစ်အာဏာရှင်အစိုးရ လက္ခဏာတွေဆောင်တဲ့ စစ်အစိုးရရဲ့ အာဏာတွေ၊ ဩဇာတွေ စိုက်ထူထားတဲ့ အခြေခံဥပဒေမျိုးကို ပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ရမယ့်ဟာ။ ဆိုပါတော့ အခြေခံဥပဒေ အမှတ် ၆ လို အမျိုးသားနိုင်ငံရေး ဦးဆောင်မှုကဏ္ဍမှာ တပ်မတော်ဟာ ဦးဆောင်မှုကဏ္ဍမှာ ပါဝင်တယ်ဆိုတဲ့ အချက်ကြီးကို သူတို့ ပြင်မှာမဟုတ်ဘူး။ မကြာခင်တုန်းက ကျင်းပတဲ့ တပ်မတော်နေ့အခမ်းအနားမှာပဲ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ စကားထဲမှာ ဒီစကားလုံးတွေ ပါပြီးသားဖြစ်ပါတယ်။ အဲတော့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍမျိုးကို လျှော့ချတာမျိုး၊ ပယ်ဖျက်တာမျိုး လုပ်မှာမဟုတ်ဘူး။ ဒေါ်စုကိုတော့ သမ္မတ အရွေးခံလို့ရအောင် လုပ်ပေးမှာပဲ။ ဒါပေမယ့် ဒေါ်စုဟာ သူတို့ဟာ ကြံ့ခိုင်ရေးရယ်၊ စစ်တပ်ရယ် အင်အားစုတွေ ပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို အများဆုံး ဒုတိယသမ္မတအနေအထား ထားရင် ဘာမှ အဓိပ္ပာယ်မရှိဘူး၊ ဒေါ်စုကလည်း မလုပ်သင့်ဘူးလို့ ကျနော်က ယူဆတယ်။ ဒေါ်စုကလည်း အဲဒါလောက်ကို လုပ်ဖို့ ရည်ရွယ်မှာမဟုတ်ဘူးလို့ ကျနော် ယူဆတယ်။ ဘာလို့လဲဆိုတော့ ဒုတိယသမ္မတဆိုတာ အစိုးရအာဏာကို လွှဲပြောင်းပေးတာ မဟုတ်ဘဲနဲ့ အန်အယ်လ်ဒီဟာ တစုံတရာသော အတိုင်းအတာအထိ လာမယ့်ရွေးကောက်ပွဲမှာ နိုင်လာပြီးတော့ အာဏာလွှဲပြောင်းတာ မလုပ်ဘူးဆိုရင် ၁၉၉၀ တုန်းက အာဏာလွှဲပြောင်းမှု မခံရတဲ့ အဖြစ်မျိုး ပြန်ပြီးဆိုက်ဦးမှာပဲလို့ ကျနော် ယူဆတယ်လို့ ပြောချင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024