DVB Logo
Home
မြန်မာသတင်း
ဧပြီလကုန်ပိုင်း ကေအိုင်အိုနှင့်အစိုးရ ဆွေးနွေးဖွယ်ရှိ
DVB
·
April 19, 2013
ဧပြီလကုန်ပိုင်း ကေအိုင်အိုနှင့်အစိုးရ ဆွေးနွေးဖွယ်ရှိ
Donate to DVB

ကေအိုင်အိုနဲ့ အစိုးရအကြား သင်္ကြန်အပြီး ဧပြီ ၂၂ ရက်နေ့မှာ တွေ့ဆုံနိုင်ဖို့ စီစဉ်ထားပေမယ့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်း ဥရောပခရီးစဉ် ထွက်နေတာကြောင့် ပြန်လာမှ အစည်းအဝေးဖြစ်မယ်လို့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အသိုင်းအ၀ိုင်းက ပြောပါတယ်။

ဒီလဆန်းပိုင်း မြစ်ကြီးနားမြို့မှာ ကေအိုင်အိုနဲ့ အစိုးရအကြား တွေ့ဆုံမယ့်ပွဲမှာ ကေအိုင်အိုက အမေရိကန်၊ အီးယူနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေကို ဖိတ်ကြားတဲ့အပေါ် တရုတ်ဘက်က သဘောမကျတဲ့ အမူအရာပြသခဲ့တာကြောင့် အစည်းအဝေး ရက်ရွှေ့ဆိုင်းခဲ့ရတယ်ဆိုတဲ့သတင်းတွေထွက်ခဲ့ပြီး တရုတ်ဘက်ကတော့ ဒီအစည်းအဝေး ရွှေ့ဆိုင်းတာ သူနဲ့မဆိုင်ကြောင်း ထုတ်ပြောခဲ့ပါတယ်။

[caption id="attachment_36205" align="alignleft" width="300" caption="ဖေဖော်ဝါရီ ၄ ရက်နေ့က ရွှေလီမှာ တွေ့ဆုံဆွေးနွေးခဲ့စဉ်(ဓာတ်ပုံ- Wint Wint Htet Hlaing)"][/caption]

ဆွေးနွေးပွဲကို ကေအိုင်အိုအနေနဲ့ မြစ်ကြီးနားမှာ မလုပ်ဘဲ ရွှေလီမှာ လုပ်ဖို့၊ နိုင်ငံခြားလေ့လာသူတွေ လာရောက်မှာကို တရုတ်နိုင်ငံ နိုင်ငံခြားဆက်ဆံရေးဌာနက ဒီသင်္ကြန်ကာလအတွင်း လာရောက် ကန့်ကွက်တယ်လို့ ကေအိုင်အိုနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

“ကေအိုင်အိုပြောတာကတော့ သင်္ကြန်ပြီးရင် ပြောတာပဲ။ ဒါပေမယ့် ကြားထဲမှာ တရုတ်က လာကန့်ကွက်တယ်။ နောက်တခါ လာကန့်ကွက်ပြန်ပြီ။ သင်္ကြန်ရက်တွင်းပဲ၊ ကန့်ကွက်တာက တရားဝင် ကန့်ကွက်တာ။ မြစ်ကြီးနားမှာ လုပ်တဲ့ဟာကို ကန့်ကွက်တယ်။ ရွှေလီမှာပဲ လုပ်စေချင်တယ်။ ပြီးရင် ပြည်ပလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို ခေါ်တဲ့အပေါ် ကန့်ကွက်တယ်။ တရုတ်က ကန့်ကွက်တာကို တကယ်ပဲ အစိုးရအနေနဲ့ ကန့်ကွက်တဲ့အတိုင်းလိုက်နာမယ်ဆိုရင် မလုပ်ရုံပဲ ရှိတော့တဲ့ သဘောမျိုးတောင် ယူမှတ်လို့ရတယ်။”

ကေအိုင်အိုဘက်က စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ပြည်ပ စောင့်ကြည့် လေ့လာသူတွေရှိတာကို လိုလားသလို ဒီလိုလားချက်ကို တရုတ်ဘက်ကလည်း တာဝန်မယူသလို တာဝန်ယူစောင့်ကြည့်မယ့်အဖွဲ့တွေ ဖိတ်ကြားတာကိုလည်း ကန့်ကွက်နေတာလို့ ဆိုပါတယ်။

“အဓိက စောင့်ကြည့်ရေးပေါ့။ ဥပမာ အပစ်ရပ်တယ်ဆိုရင်လည်း ခိုင်မာတဲ့ အပစ်ရပ်ဖြစ်ဖို့ တရုတ်က ဖျန်ဖြေမပေးနိုင်ဘူး။ တခြားသူတွေပါတာလည်း သူတို့က မကြိုက်ဘူးဆိုတဲ့ သဘောမျိုး ဖြစ်နေတော့ မဖြစ်စေချင်တဲ့ ပုံစံမျိုး ဖြစ်သွားတယ်။ ကေအိုင်အိုကလည်း လုံခြုံစိတ်ချရတဲ့ အပစ်ရပ်မျိုးလိုချင်တယ်ဆိုတာ တောက်လျှောက် ပြောနေတယ်။ ယုံကြည်စိတ်ချရတယ်ဆိုတာက ပြည်ပအဖွဲ့တွေလည်း မဖြစ်မနေ ပါရမယ်။ ”

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့နဲ့ ကေအိုင်အိုအဖွဲ့တို့ ဒီလဆန်းပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ဆုံဖို့ စီစဉ်ပွဲဟာလည်း သင်္ကြန်အပြီးထိ ဆိုင်းငံ့ခဲ့ရတာပါ။

ဦးအောင်မင်းဟာ လွန်ခဲ့တဲ့ရက်ပိုင်းက ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံရာမှာ ဦးအောင်မင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးဂုဏ်ပြုခဲ့သလို မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အကူအညီပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ စစ်ကောင်စီလက်ထက်တုန်းက တရုတ်အစိုးရအပေါ် မှီခိုခဲ့ရာက လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကစလို့ အရပ်သားတပိုင်းအစိုးရလက်ထက်မှာ အမှီအခိုလျော့ပါးလာပြီး အနောက်နိုင်ငံတွေနဲ့ ရင်းနှီးလာပါတယ်။

ဒီလဆန်းပိုင်းက ဂျပန်အစိုးရက မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိတ်ကြားခဲ့ပြီး လူသားချင်းစာနာတဲ့ အထောက်အကူပေးမယ်လို့ ကတိပြုခဲ့သလို ၀န်ကြီးချုပ် ရှင်ဇိုအာဘေးကိုယ်တိုင် လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ဟာ လွန်ခဲ့တဲ့ရက်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံခဲ့သလို မြန်မာနိုင်ငံ ပြောင်းလဲရေးတွေမှာ အကူအညီပေးဖို့ ကတိပြုခဲ့ပါတယ်။

တဖက်မှာ ဆွေးနွေးပွဲတွေ အချိန်ရွှေ့ဆိုင်းနေရပေမယ့် ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေ ရပ်တန့်သွားတာကြောင့် ပိတ်ထားတဲ့ မော်တော်ကားလမ်းပိုင်းတွေ ပြန်လည်ပွင့်လာပြီး စီးပွားကူးသန်းမှုတွေ ပြန်လည် စတင်လာနေတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကချင်ပြည်နယ်အဆင့် အလုပ်အမှုဆောင်အဖွဲ့ရဲ့ နာယက ဦးဒါရှီလဆိုင်းကတော့ နှစ်ဘက် ဆွေးနွေးပွဲတွေကနေ ရလဒ်ကောင်းတွေ ပေါ်ထွက်လာစေချင်ပြီလို့ ပြောပါတယ်။

“တွေ့ဆုံပွဲအဆင်ပြေသွားပြီဆိုရင် ငြိမ်းချမ်းမှုတွေ ဖြစ်လာတယ်ဆိုရင်တော့ ကျနော်တို့ဆီမှာ ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းပေါ်မှာရော၊ လုံခြုံမှုအပေါ်တွေမှာရော အကျိုးဖြစ်ထွန်းမှုတွေ အများကြီး ခံစားနိုင်တဲ့အတိုင်းအတာတွေ မျှော်လင့်မှု ရှိတာပေါ့။ အထူးသဖြင့် ကချင်ပြည်နယ်က လူတွေကတော့ ငြိမ်းချမ်းမှုဖြစ်လာရင် ကျောက်စိမ်းကိုလည်း လွတ်လွတ်လပ်လပ် တူးဖော်လုပ်ကိုင်နိုင်တဲ့ အနေအထားမျိုးတွေလည်း ရလာနိုင်ပါတယ်။”

ကေအိုင်အိုနဲ့ အစိုးရအကြား တွေ့ဆုံပွဲရက်မသေချာသေးတာကြောင့် အစိုးရနဲ့ တိုင်းရင်းသားတပ်ပေါင်းစု ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)အကြား နိုင်ငံရေးဆွေးနွေးပွဲတွေဟာလည်း ဧပြီ ၂၀ ရက်နေ့မှာ စတင်ဖို့ ကနဦးသဘောတူထားတဲ့အပေါ် နောက်ကို ရက်ရွှေ့ထားရကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013