၂၀၂၁ ခုနှစ်အထိ အိုးထရက်ဖို့ဒ်ကွင်း၌ ပရိသတ်မပါဘဲ ကစားရန် ယူနိုက်တက်ပိုင်ရှင်များ စီစဉ်

ဓာတ်ပုံ -ရိုက်တာ
ဘောလုံးပွဲတွေ ပြန်လည်စတင်ချိန် ၂၀၂၁ ခုနှစ်အထိ အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားမယ့် ပြိုင်ပွဲတွေအားလုံးကို ပရိသတ်မပါဘဲ ကစားဖို့ ယူနိုက်တက်အသင်း ပိုင်ရှင်တွေဘက်က စီစဉ်နေပါတယ်။ ယူနိုက်တက်အသင်း ပိုင်ရှင်တွေက COVID-19 ရောဂါနဲ့ပတ်သက်တဲ့ ကာကွယ်ဆေးတွေ ပေါပေါများများ မရမချင်း လူစုလူဝေး ပြုလုပ်ခြင်းကို ခွင့်မပြုမှာ စိုးရိမ်နေပြီး ဒီအခြေအနေကြောင့် ဘောလုံးကွင်းထဲမှာ ပရိသတ်မပါဘဲ ကစားနိုင်ရေးအတွက် မဟာဗျူဟာတခုကို အကောင်အထည်ဖော်နေပါတယ်။ ဒါဟာ မန်ချက်စတာယူနိုက်တက်အသင်း အပါအဝင် တခြား ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းကြီးတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတခုလည်း ဖြစ်ပါတယ်။  အဆိုးဆုံးအခြေအနေကို ကြိုတင်တွက်ချက်မှုအရ ပရိသတ်မပါဘဲ ကစားမယ်ဆိုရင်တောင် ဒီလိုမျိုး လုပ်ခွင့်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်းမှ ခွင့်ပြုဖွယ်ရှိနေတာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ The Mirror သတင်းမှာ ဖော်ပြပါတယ်။ တနေရာတည်းမှာ လူအများကြီး စုဝေးနေခြင်းက ကိုရိုနာဗိုင်းရပ်စ် တကျော့ပြန် ခေါင်းထောင်လာစေမယ့် အကြီးမားဆုံး ခြိမ်းခြောက်မှုတခု ဖြစ်ပါတယ်။ ဒါ့ကြောင့် အားကစားကွင်းတွေမှာ ပရိသတ်အင်အား အများအပြားကို ပြန်လည်လက်ခံလိုက်ခြင်းက ကပ်ရောဂါ ပျံ့နှံ့နေချိန်အတွင်း အားကစားပွဲတွေ ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိနေပြီ ဆိုတာကို ပြသနိုင်တဲ့ နောက်ဆုံးသော အကြောင်းအရာတွေထဲက တခုလည်း ဖြစ်လာနိုင်ပါတယ်။  လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘဏ္ဍာရေးအခြေအနေအရ အတောင့်တင်းဆုံး အနေအထားမှာ ရှိနေပေမယ့်လည်း နောင်လာမယ့်အနာဂတ်မှာ အိုးထရက်ဖို့ဒ်ကွင်းထဲ ပရိသတ်တွေ ရောက်ရှိမလာနိုင်ဘူး ဆိုရင်တော့ အသင်းရဲ့ ဝင်ငွေပမာဏဟာ လျော့ကျလာဖို့ ရှိနေပါတယ်။ COVID-19 ရောဂါနဲ့ပတ်သက်တဲ့ ကာကွယ်ဆေး မတွေ့မချင်း ဒါမှမဟုတ် ကိုရိုနာဗိုင်းရပ်စ်ကို မထိန်းချုပ်နိုင်သေးခင်အချိန်အထိ ဘောလုံးပွဲတွေမှာ ပရိသတ်တွေကို ပြန်လည်မြင်တွေ့ရဖို့ မဖြစ်နိုင်ပါဘူးလို့လည်း သတင်းအရင်းအမြစ်တခုက ပြောပါတယ်။  ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ ကွင်းတွေမှာ ပရိသတ်တွေကို ရုံပြည့်ရုံလျှံ ပြန်လည်မြင်တွေ့ရဖို့ဆိုတာ ဖြစ်လာနိုင်စရာမရှိသေးတဲ့ကိစ္စ ဖြစ်ပြီး ဒါကိုလည်း အသင်းတွေက သတိပြုမိခဲ့ပြီး ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up