DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ဂျပန်ခရီးစဉ် အဆုံးသတ်
DVB
·
April 19, 2013
ဒေါ်အောင်ဆန်းစုကြည် ဂျပန်ခရီးစဉ် အဆုံးသတ်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သီတင်းတပတ်ကြာ ဂျပန်နိုင်ငံ ခရီးစဉ်ကို အဆုံးသတ်ပြီး တိုကျို နာရီတာလေဆိပ်ကနေ ဒီနေ့ မနက် ၁၁ နာရီလောက်မှာ လေကြောင်းနဲ့ မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးနဲ့  သီးသန့် တွေ့ဆုံခဲ့ပြီး နိုင်ငံဖွံ့ဖြိုးရေးနဲ့ ပညာရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့ နာရီဝက်ကျော်ကြာ ဆွေးနွေးခဲ့ကြပါတယ်။

[caption id="attachment_38612" align="alignleft" width="300" caption="တိုကျိုနာရီတာလေဆိပ်ကနေ ရန်ကုန်မြို့ကို ပြန်လည် ထွက်ခွာလာစဉ် (Photo: Globe)"][/caption]

ဒီလိုတွေ့ဆုံရာမှာ တိုင်းပြည်ရဲ့အနာဂတ် ဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်တွေရဲ့ပညာရေးဟာ အခရာကျတယ်ဆိုတာ ခေါင်းဆောင် နှစ်ဦးစလုံးက သဘောတူခဲ့ကြတယ်လို့ ဂျပန်တိုင်မ်း သတင်းစာမှာ ဖော်ပြပါတယ်။

ဂျပန်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး အောင်မြင်အောင် လုပ်ဆောင်ခဲ့မှုတွေကို ချီးကျူးပြောဆိုခဲ့ပြီး ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ အစိုးရရဲ့ လူမှုရေး အခြေခံအဆောက်အဦတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုတွေ၊ ပုဂ္ဂလိကပိုင်း ရင်းနှီးမြှုပ်နှံမှုတွေတိုးတက်လာအောင် ဆောင်ရွက်နေမှုတွေကို အကူအညီပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံရဲ့ ပညာရေးအဆင့်အတန်းဟာ တခြားအာရှနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အရမ်းကို နိမ့်ကျနေတဲ့အကြောင်းနဲ့ လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်းနဲ့ စိုက်ပျိုးရေး ပညာတွေသင်ကြားရေးအတွက် အကူအညီပေးဖို့လည်း တောင်းဆိုခဲ့တယ်လို့ အစည်းအဝေးတက်ရောက်တဲ့ ဂျပန် အစိုးရ တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။

ဒါပြင် ၀န်ကြီးချုပ် ရှင်ဇိုအဘေးရဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်တွေက  မူလတန်းကျောင်း တကျောင်း ဆောက်လုပ်ဖို့ လှူဒါန်းခဲ့တာကို ကျေးဇူးတင်တဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ  ခရီးစဉ်အတွင်း ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦတခုဖြစ်တဲ့ တိုကျိုမိုးမျှော် အဆောက်အဦ၊ ဂျပန်အထင်ကရ အီလက်ထရောနစ်ကုမ္ပဏီကြီးတခုဖြစ်တဲ့ ပင်နာဆိုနစ် ကော်ပိုရေးရှင်းနဲ့ ရေအားလျှပ်စစ် စက်ရုံတွေကို သွားရောက် လေ့လာခဲ့ပါတယ်။  ဒါ့ပြင် ဂျပန် တက္ကသိုလ်ကျောင်းသားတွေကို ဟောပြောပို့ချမှုတွေနဲ့ ဂျပန်ရောက် မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲရဲ့ အတွင်းရေးမှူး ဦးသောင်းမြင့်ဦးကတော့ ဒီခရီးစဉ်ဟာ မျှော်လင့်ထားတာထက် ပိုပြီး အောင်မြင်တဲ့ ခရီးစဉ်ဖြစ်တယ်လို့ သုံးသပ်ပြောကြားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်က ထင်ထားတာထက် ပိုအောင်မြင်တယ်လို့ ပြောရမယ်။ ဘာလို့ဆိုတော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာအနေနဲ့လည်း သူတချိန်က ပညာရည်နို့စို့ခဲ့တဲ့ နေရာကို ပြန်သွားရတယ်။ ချီးမြှင့် ဂုဏ်ပြုမှုလည်း ခံရတယ်။ သူပေးချင်တဲ့ အသိပညာတွေကိုလည်း ကောင်းကောင်း တိုက်တွန်းပေးသွားနိုင်တယ်။ ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ပြီးတော့ မြန်မာနိုင်ငံရဲ့ လိုအပ်နေတဲ့ အကြောင်းအရာတွေကိုလည်း တိုက်တိုက်တွန်းတွန်း ပြောဆိုသွားတယ်။ ဂျပန်ဝန်ကြီးချုပ်ကလည်း အကူအညီတွေပေးမယ်လို့ ကတိက၀တ်ပြုသွားတာတွေ ရှိတယ်။ အဲတော့ ဂျပန်လူထုက အရမ်းစိတ်ဝင်စားပြီးတော့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်တာတွေကိုလည်း အားလုံးက သတိထားမိသွားတယ်။ နောက်ပိုင်းမှာ ဂျပန်နဲ့ မြန်မာ ကူးလူးဆက်ဆံမှုက ယုံယုံကြည်ကြည်နဲ့ ပို ထူးထူးခြားခြား ဖြစ်လာမယ်လို့ ယူဆတယ်။ ဂျပန်နိုင်ငံရဲ့ စီးပွားရေးအင်အားတွေ၊ လူမှုရေးထောက်ပံ့ကူညီမှုတွေ၊ နည်းပညာတွေ အဲဒါတွေ အများကြီးရရှိပြီး မြန်မာပြည်ဟာ အချိန်တိုအတွင်း ထူးထူးခြားခြား တိုးတက်ပြောင်းလဲလာမယ်လို့ ယုံကြည်မျှော်လင့်တယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ ၁၃ ရက်နေ့ကတည်းက  ဂျပန်နိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၆ ခုနှစ်တုန်းက ကျိုတိုတက္ကသိုလ်မှာ သုတေသီ တဦးအဖြစ် ပညာဆည်းပူးခဲ့ဖူးပြီး ၂၇ နှစ်တာအတွင်း ဂျပန်နိုင်ငံကို ပထမဆုံးအကြိမ် ပြန်လည်သွားရောက်ခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013