COVID-19 အလွန် မြန်မာ့စီးပွားရေးကို အဓိကလှုပ်နှိုးနိုင်တဲ့ လယ်ယာကဏ္ဍ

COVID-19 အလွန်ကျဆင်းသွားမယ့် မြန်မာ့စီးပွားရေးကို ပြန်လည်ရုန်းထဖို့အဓိက ဦးစားပေးလုပ်သင့်တာက လယ်ယာကဏ္ဍဆိုပြီး စီးပွားရေးပညာရှင်တွေအားလုံး တညီတညွတ်ထဲ ပြောဆိုကြပါတယ်။ အခုဆိုရင် COVID-19 ကြောင့် မြန်မာ့စီးပွားရေး လနဲ့ချီကြာအောင် ရပ်တန့်သွားတယ်လို့ပြောရမှာပါ။ မြန်မာနိုင်ငံမှာတော့ COVID-19 ကြောင့် လူသွားလူလာတွေ နည်းခဲ့သလို၊ စက်ရုံအလုပ်ရုံတွေထိခိုက်ပြီး အထည်ချုပ်လုပ်ငန်းတွေ ပိတ်လိုက်ရတာတွေ ရှိတဲ့အတွက် လုပ်သားတွေသောင်းနဲ့ချီ အလုပ်လက်မဲ့ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီရောဂါကို တကမ္ဘာလုံးရင်ဆိုင်နေရတဲ့အတွက်  ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေကလည်း အတော်အထိနာခဲ့ပါတယ်။ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးကတော့ ကိုဗစ်ကြောင့် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ စီးပွားရေးနာလန်ပြန်ထူဖို့ အနည်းဆုံး ၃ နှစ်လုပ်ရမှာဖြစ်သလို မြန်မာနိုင်ငံအနေနဲ့ ဒီထက်မက ကြာမြင့်နိုင်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ သုံးသပ်ထားတာတွေ့ရပါတယ်။  COVID-19 ကြောင့် ကမ္ဘာ့နိုင်ငံတွေ အားလုံးအပါအဝင် နေရာတိုင်းထိခိုက်သလို မြန်မာနိုင်ငံလည်း ထိခိုက်မှာဖြစ်လို့ လူဦးရေရဲ့ ရာခိုင်နှုန်းအများစုလုပ်ကိုင်နေတဲ့  လယ်ယာကဏ္ဍကိုအဓိက ဦးစားပေးလုပ်ဖို့ ပါမောက္ခဒေါက်တာအောင်ထွန်းသက်က  တိုက်တွန်းပြောတယ်။ “ကိုယ့်နိုင်ငံမှာ အများစုဖြစ်နေတာက လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ လူ ၇၀ ရာခိုင်နှုန်းလောက်ရှိတယ်။ အဲဒီတော့ လူ ၇၀ ရာခိုင်နှုန်းလောက်ရှိနေတဲ့ အခါကြတော့ လယ်ယာ စိုက်ပျိုးရေးကဏ္ဍကို မထိခိုက်ဖို့ ဆရာတို့ကအဓိကထားဖို့လိုမယ်” ဒါ့အပြင် အဓိကဦးစားပေးအနေနဲ့ လယ်ယာကဏ္ဍကနေ မြန်မာ့စီးပွားရေးလှုပ်နှိုးဖို့ အကြံပြုထားသလို SMEs ကဏ္ဍတွေကိုလှုပ်နှိုးဖို့၊ ခရီးသွားလုပ်ငန်းတွေပြန်လည် အသက်ဝင်အောင်လုပ်ဖို့၊ ဘဏ်တိုးတွေနဲ့ပတ်သက်လို့ လက်ရှိအတိုးနှုန်း ၃ ရာခိုင်နှုန်းအထိ ချခဲ့တာကိုကြိုဆိုပြီး ဘဏ်လုပ်ငန်းတွေ ကောင်းမွန်အောင်လုပ်ဖို့နဲ့ ပညာရေးကဏ္ဍမှာ မလွဲမသွေ ဒစ်ဂျစ်တယ်စနစ်ပြောင်းဖို့လည်  ဒေါက်တာအောင်ထွန်းသက်က အကြံပြုထားပါတယ်။ သူကတော့ ပြည်ပနိုင်ငံတွေက ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ တခြားနိုင်ငံတွေမှာ လယ်ယာကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍမှာ ကျွမ်းကျွမ်းကျင်ကျင်လုပ်ကိုင်နေသူတွေဖြစ်တာကြောင့် သူတို့အတွေ့အကြုံတွေကို အခွင့်အရေးတရပ်အနေနဲ့ ထိထိရောက်ရောက်အသုံးချဖို့လည်း တိုက်တွန်းပါတယ်။ လက်ရှိမှာတော့ ကိုဗစ်ရဲ့ရိုက်ခတ်မှုကြောင့် အလုပ်လက်မဲ့တွေ မြန်မာနိုင်ငံမှာ တဖြည်းဖြည်းများလာသလို ဒီဂယက်ရဲ့ ရိုက်ခတ်မှုက မြန်မာနိုင်ငံအနေနဲ့ အတော်ကျော်လွှားရမှာပါ။ ဒါကိုလည်း အစိုးရအနေနဲ့ နိုင်ငံတကာမှာ စီးပွားရေး  ရိုက်ခတ်မှုကို ကျော်လွှားဖို့ ဒီကာလမှာဘယ်လိုလုပ်မလဲ၊ ဒီရောဂါအလွန်ဘယ်လို ဖြတ်သန်းမလဲဆိုတာ ကဏ္ဍအသီးသီးက ကျွမ်းကျင်တဲ့ပညာရှင်တွေဆီက အကြံဉာဏ်ရယူပြီး စုပေါင်းအဖြေရှာနေသလို မြန်မာနိုင်ငံမှာ မတွေ့ရသေးလို့ မြန်မာနိုင်ငံအနေနဲ့လည်း ပညာရှင်တွေရဲ့အကြံဉာဏ်တွေ အသုံးချသင့်တယ်လို့ အငြိမ်းစား ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးသန်းလွင်က တိုက်တွန်းပါတယ်။ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID-19 ဟာ  နိုင်ငံအားလုံးကိုကူးစက်ပြီး  စီးပွားရေး လူမှုရေးထိခိုက်ခဲ့တာကြောင့် ကမ္ဘာ့မှာ စားနပ်ရိက္ခာလိုအပ်မှုက ကြီးမားလာမှာဖြစ်သလို ရိက္ခာဖူလုံတဲ့နိုင်ငံဟာ ကမ္ဘာ့အလယ်မှာ မျက်နှာပွင့်လာမယ်လို့လည်း ဦးသန်းလွင်က ပြောပါတယ်။ သူထောက်ပြသလို လက်ရှိ မြန်မာ့နိုင်ငံကဆန်ကို နိုင်ငံပေါင်း ၈၀ လောက်တင်ပို့နေရာက အခုမှာတော့ အရင်ဝယ်ယူတာထက်ပိုဝယ်လာသလို ကမ္ဘာ့ဆန်ဈေးက တက်လာတယ်လို့  န်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။ ဒါဟာ ကမ္ဘာ့မှာ စားနပ်ရိက္ခာလိုအပ်မှုကို အပြိုင်အဆိုင်ဖြည့်တင်းလာတဲ့ သဘောပါ။ မြန်မာနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ နှစ် ၇၀ လောက်က ဆန်ရေစပါး ပေါကြွယ်ဝခဲ့ပြီး နိုင်ငံတကာမှာပါ မော်ကြွားနိုင်ခဲ့ပါတယ်။ ဒီလိုရောင်းချခဲ့ရပေမယ့် အဲဒီနောက်ပိုင်း ပြည်ပတင်ပို့နိုင်မှု တဖြည်းဖြည်းလျော့ကျခဲ့သလို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ဆန်တန်ချိန် ၃ ဒသမ ၆ သန်းလောက် စံချိန်တင်ရောင်းရလို့ လွန်ခဲ့တဲ့နှစ် ၇၀ လောက်အတွင်းမှာ စံချိန်တင် တင်ပို့နိုင်ခဲ့တယ်လို့ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားတာရှိပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ စပါးစိုက်တောင်သူတွေနည်းလာသလို ထုတ်လုပ်မှုအပိုင်း တိုးမြှင့်ဖို့ လိုအပ်တဲ့အပေါ် ဆန်စပါးအသင်းချုပ်ကိုယ်တိုင်တောင် လယ် ၁ ဧက ၂ သိန်း တိုးပေးဖို့နဲ့ ဧက ၁၀၀ အထိရှိတဲ့ လယ်သမားကြီးတွေကို အစိုးရက ချေးငွေထုတ်ချေးဖို့ နည်းပညာ၊ သွင်းအားစုတွေ၊ ငွေကြေး၊ စက်ကိရိယာဝန်ဆောင်မှု၊ စျေးကွက်ချိတ်ဆက်ပေးမှုနဲ့ မျိုးစေ့ထုတ်တောင်သူတွေနဲ့ ရောင်းချသူတွေကို ချေးငွေထုတ်ချေးဖို့ အစိုးရကိုအကြံပြုထားတာတွေ့ရတယ်။ တကယ်တော့ တောင်သူတွေကို ချေးငွေ ပိုထုတ်ပေးတာကလည်း အဖြေတခုတော့ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုရင် သမ္မတဟောင်းဦးသိန်းစိန် အစိုးရလက်ထက်ကနေ တောင်သူတွေကို ချေးငွေတွေ အများအပြားထုတ်ပေးခဲ့ပေမယ့် ပြန်ဆပ်ချိန်မှာ အကြောင်း အမျိုးမျိုးကြောင့် မဆပ်နိုင်ဖြစ်ကြရပါတယ်။ ဒါပေမယ့် အစိုးရအကြွေးကို မဆပ်ရင် တရားစွဲခံရမှာ  ကြောက်လို့ အပြင်ကနေ ငွေ ၁၀၀ ကို ၁၀ ရာခိုင်နှုန်းကနေ  ၂၀ ရာခိုင်နှုန်းလောက် အတိုးတွေနဲ့ ကြုံသလိုယူဆပ်ရာကနေ နောက်ပိုင်း အကြွေးသံသရာထဲမှာ မထွက်နိုင်တော့တဲ့ တောင်သူတွေအ များကြီးပါ။ တောင်သူတွေ အကြွေးသံသရာနစ်လာတာကြောင့် နောက်ပိုင်းအစိုးရကိုတောင် မဆပ်နိုင်တဲ့ တောင်သူလယ်သမားတွေ အများကြီး ဖြစ်ခဲ့တာပါ။ အဲဒါနဲ့ပတ်သက်လို့ အစိုးရချေးပေးတဲ့ မိုးစပါးချေးငွေတွေစာရင်းကို ကြည့်ရင် ထုတ်ချေးခါစနဲ့ နောက်ပိုင်းအခြေအနေတွေကို ပိုသိနိုင်မှာပါ။ ချေးငွေ ယူခါစ ၁နှစ် ၊ ၂ နှစ်လောက်က အကျေနီးပါးဆပ်နိုင်ကြပေမယ့် အခုနောက်ပိုင်း တောင်သူတွေ အတော်များများ မဆပ်နိုင်ကြတော့ဘူး။ ဒီလိုမဆပ်နိုင်ကြတော့ လယ်သမားတွေက မရိုးသားဘူး။ အစိုးရဆီက ယူပြီးရင်မဆပ်ချင်ကြဘူးဆိုတဲ့ အပြောအဆိုမျိုးတွေနဲ့ ဝေဖန် အပြစ်တင်ခံရတာတွေ ရှိပါတယ်။ အစိုးရအနေနဲ့ တောင်သူလယ်သမားတွေကို ချေးငွေထုတ်ချေးမယ်ဆိုရင် သူတို့တွေ အလုပ်လည်ပတ်နိုင်ဖို့အတွက် ၁နှစ်တန်သည်၊ ၂ နှစ်တန်သည် ချေးငွေဆိုင်းငံ့ကာလ သတ်မှတ်ပေးဖို့လိုပါတယ်။ နောက်ပြီး နည်းပညာနဲ့ လိုအပ်တဲ့မျိုးစပါး၊ သွင်းအားစုနဲ့ စက်ကိရိယာဝန်ဆောင်မှုတွေကို လုပ်ပေးမှသာ လယ်သမားတွေဘဝ ဖွံ့ဖြိုးတိုးတက်နိုင်မှာပါ။ အကြွေးရှင်နဲ့အကြွေးယူတဲ့သူပုံစံလုပ်မယ်ဆိုရင်တော့ တောင်သူတွေဘဝက ချေးငွေကြောင့် သူတို့ဘဝတွေပါ နစ်မွန်းလာလို့  အစိုးရချေးငွေ ကျေသွားရင်တောင် ပြန်မယူချင်ဘူးလို့ ဘိုကလေးမြို့နယ် ဧရာကျေးရွာအုပ်စုက လယ်သမားတစ်ဦးက ပြောဖူးပါတယ်။ မြန်မာပြည်က လယ်သမားတွေကတော့ ရာသီဥတုဖောက်ပြန်တာ၊ အကြွေးသံသရာ မှာနစ်နေတာနဲ့ ဆင်းရဲနွမ်းပါမှု အဆိုးဆုံးထဲတောင်ပါနေတယ်လို့ စစ်တမ်းတခုကိုကိုးကားပြီး သတင်းစာတခုမှာ ဖော်ပြထားတာဖတ်ရပါတယ်။ တကယ်လည်း တောင်သူတွေ လယ်ယာမြေကို စွန့်လွှတ်လာကြပါပြီ။ တောင်သူတွေမရှိတဲ့ လယ်ယာမြေတွေများလာရင် စပါး မထွက်တော့ရင် ကုန်သည်ပွဲစားတွေလည်း ရှိလာတော့မှာ မဟုတ်တော့ပါဘူး။  တကယ်တော့ တောင်သူနဲ့ ကုန်သည်တွေအကြားမှာ  သူနိုင်ကိုယ်နိုင်ဆိုတဲ့ (Win-Win) အခြေအနေ မဖြစ်ပါဘူး။ ဒီနှစ်ကိုပဲကြည့်ရင် တောင်သူတွေက အစိုးရ သတ်မှတ်စျေး ကျပ် ၅ သိန်းမရဘဲ မိုးစပါးကို  ၄ သိန်းလောက်နဲ့ ရောင်းရတာတွေရှိတယ်။ အစိုးရကလည်း စပါးစျေး ကျပ် ၅ သိန်းနဲ့ဝယ်ဖို့ ကုန်သည်တွေကို ၁၃ ဘီလီယံအတိုးမဲ့ ထုတ်ချေးခဲ့ပေမယ့်တောင်သူတွေကတော့ မိုးစပါးတွေကို ကျပ်  ၄ သိန်းဝန်းကျင်နဲ့ပဲ ရောင်းလိုက်ရပါတယ်။  အစိုးရက စပါးစျေး ဝင်ထိန်းပေမယ့် အချိန်မီမလုပ်ပေးနိုင်သလို တောင်သူတွေကလည်း ငွေမရှိတော့ ရတဲ့စျေးနဲ့ရောင်းရတယ်။ ကြားထဲကမြတ်သွားတာက ကုန်သည်တွေပါပဲ။ အစိုးရပေးတဲ့ ၁၃ ဘီလီယံနဲ့ မတည်ဝယ်လိုက်တယ်။ အခုစျေးတက်လာတော့ အစိုးရဝယ်တဲ့ အရန်ဆန်တောင် ဆန်ကြမ်းတအိတ်ကို ငွေကျပ်၂၀၈၀၀ နဲ့ မရောင်းချင်တော့ပါဘူး။ ဒီလိုရောဂါဖြစ်ပွားနေချိန်မှာ အစိုးရအနေနဲ့ အရန်ဆန် ၅၀၀၀၀ လောက်  ဝယ်ယူစုဆောင်းမှာ ဖြစ်လို့ မတ် ၁၅ ရက်နဲ့ ၂၀ ရက်နေ့က ပြည်ပဆန်တင်ပို့မယ့် ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂ သိန်း ပါမစ်တွေပေးတဲ့အခါ ပြည်ပတင်ပို့မယ့် ဆန် ၁၀ ရာခိုင်နှုန်းကို မဖြစ်မနေ ရောင်းရမယ်လို့ ညွှန်ကြားရတဲ့အထိပါပဲ။ ဒါတောင် မေလ ၁၀ ရက်အတွင်း ဆန်တန်ချိန် ၂ သိန်း ပြည်ပတင်ပို့ခွင့်ရတဲ့ ကုမ္ပဏီ ၃၅ ခုက အရံဆန်တန် ၂၀၀၀၀  ရောင်းရမှာဖြစ်ပေမယ့် ဧပြီ ၃၀ အထိ ကုမ္ပဏီ  ၇ ခုပဲ ရောင်းပေးသေးတယ်လို့ ရန်ကုန်တိုင်း စားသုံးသူရေးရာဦးစီးဌာန ဒု-ညွန်ကြားရေးမှူး ဦးဇေယျာဆွေက ပြောထားတာ တွေ့ရပါတယ်။ ဒါကိုကြည့်ရင် အစိုးရကတောင်သူတွေ အဆင်ပြေအောင် အခြေခံစပါးစျေး တင်း ၁၀၀ ကို ကျပ်  ၅ သိန်းနဲ့ ဝယ်ခိုင်းပေမယ့် တောင်သူတွေအကျိုးမရှိဘဲ ကုန်သည်တွေသာ အကျိုးရှိနေတာ တွေ့ရပါတယ်။  COVID-19 အလွန် မြန်မာ့စီးပွားရေးလှုပ်နှိုးဖို့ အစိုးရအနေနဲ့ဆောင်ရွက်မယ်ဆိုရင်တောင် တောင်သူလယ်သမားတွေအပေါ် တိုက်ရိုက်အကျိုးရှိတဲ့ အစီအမံတွေနဲ့မှ တောင်သူတွေအကျိုးရှိမှာဖြစ်သလို မြန်မာ့လယ်ယာကဏ္ဍလည်း တိုးတက်လာမှာပါ။ COVID-19 အလွန် မြန်မာ့စီးပွားရေးကိုလှုပ်နှိုးနိုင်တာဟာ မြန်မာ့လယ်ယာကဏ္ဍလို့ စီးပွားရေးပညာရှင်တွေက တညီတညွတ်ထဲ ပြောနေပေမယ့် စီမံကိန်းချပြီး စနစ်တကျအ ကောင်အထည်ဖော်ရမှာက အစိုးရပါပဲ။ နိုင်ငံတော်အစိုးရအနေနဲ့ လယ်ယာကဏ္ဍကို ဘယ်လောက်အရေးထားတယ်၊ လူဦးရေအများဆုံး မှီခိုလုပ်ကိုင်နေတဲ့ မြန်မာ့စိုက်ပျိုးရေးကဏ္ဍကို ဘယ်လို မောင်းနှင်မလဲဆိုတဲ့ မူဝါဒတွေက အရေးအကြီးဆုံးပါပဲ။ ကမ္ဘာမှာ ရိက္ခာလိုအပ်မှုနဲ့ ပတ်သက်လို့ စင်္ကာပူနိုင်ငံလို စိုက်ပျိုးလို့မရတဲ့နိုင်ငံငယ်တွေနဲ့ လူဦးရေများတဲ့ နိုင်ငံကြီးတွေကတော့ ရိက္ခာအရေးတကြီးလိုအပ်လာမှာဖြစ်ပြီး ဒီလိုအချိန်မှာ မြန်မာနိုင်ငံကတော့ လူဦးရေနည်းသလို စိုက်ပျိုးမြေများတာကြောင့် စနစ်တကျစိုက်ပျိုးနိုင်ရင် သိပ်ကောင်းမှာပဲလို့ စီးပွားရေးပညာရှင်  ဦးသန်းလွင်က ထောက်ပြထားပါတယ်။ “ကမ္ဘာမှာ ဘာဖြစ်လာနိုင်သလဲဆိုတော့ တချို့ကတောင်  ပြောသေးတယ်။  ကိုဗစ် အလွန်မှာတဲ့ ငတ်မွတ်ခေါင်းပါးမှု ပိုတောင်များလာမယ်ပေါ့။ အဲဒီတော့ မြန်မာနိုင်ငံအနေနဲ့ကတော့ လယ်ယာကဏ္ဍကို ဇောက်ချလုပ်နိုင်ရင် အတော်ကောင်းမယ်သိလား။ အကျိုးရှိနိုင်တာပေါ့ဗျာ ကိုယ့်အတွက်။ အဲဒီတော့ တောင်သူလယ်သမားတွေ အကျိုးရှိရုံတင်မကဘူး၊ တိုင်းပြည်အကျိုးရှိရုံတင်မကဘူး၊ ခုနကပြောတဲ့ ထုတ်ကုန်တွေအနေနဲ့ ပို့ကုန်တွေအနေနဲ့ တွန်းအား တရပ်ဖြစ်လာနိုင်တယ်”လို့ ဦးသန်းလွင်က ပြောပါတယ်။ COVID-19  ကာလအလွန် မြန်မာ့စီးပွားရေးကို လှုပ်နှိုးဖို့က အထည်ချုပ်လုပ်ငန်းတွေနဲ့ ခရီးသွားလုပ်ငန်းတွေကလည်း ထင်သလောက်မလွယ်ကူတော့တာကြောင့် လယ်ယာကဏ္ဍကို ဖွံ့ဖြိုးအောင်လုပ်ဖို့ အခုနှစ်မိုးရာသီမှာ စိုက်ဧကအပြည့်စိုက်နိုင်ဖို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် နာယက  ဦးချစ်ခိုင်က ထောက်ပြထားတာတွေ့ရပါတယ်။ “ကိုဗစ်လွန်မှာလည်း ကြုံတွေ့ရမယ့်ကိစ္စတွေကို စဉ်းစားတဲ့အခါမှာ ဟိုတယ်ခရီးလုပ်ငန်းကလည်း ချက်ချင်းထူထောင်နိုင်ဖို့မလွယ်ဘူး။ CMP ကလည်း မလွယ်ဘူးပေါ့လေ။ အဲဒီလိုအနေအထားမှာ ကိုဗစ်အလွန်မှာ တောင်းဆိုလာမှာတွေက ရိက္ခာပဲလေ။ ရိက္ခာဆိုတာ စိုက်ပျိုးရေးကိစ္စတွေကို အခုထဲကအားနည်းသွားမယ့်အရာတွေကို အားမနည်းအောင်နဲ့  ပိုပြီး အားကောင်းအောင် လုပ်ဖို့လိုအပ်နေတယ်”လို့ ဦးချစ်ခိုင်က ပြောပါတယ်။ COVID-19 အလွန် မြန်မာ့စီးပွားရေး နာလန်ထူဖို့ အမြန်ပြန်လည်တည့်မတ်ပေးနိုင်တာက စိုက်ပျိုးရေးကဏ္ဍသာဖြစ်ပြီး ဒီကဏ္ဍကို နိုင်ငံအရင်းအမြစ်အားလုံး ပုံအောရမှာဖြစ်သလို လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေပုံနဲ့ လုံးဝမလုံလောက်တာကြောင့် Agriculture 4.0 ထည့်သွင်းဖို့ လိုအပ်တယ်လို့  အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက လူမှုကွန်ရက်မှာ ရေးထားပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေးနဲ့ပတ်သက်လို့ ငါး၊ ပုဇွန်မွေးမြူရေးမြှင့်တင်ဖို့နဲ့ မူဝါဒရေးရာတွေ၊ ဥပဒေရေးရာ အကြပ်အတည်းတွေကို ရဲရဲတင်းတင်းကိုင်တွယ်ဖို့၊ စားသောက်ကုန်ထုတ်လုပ်မှုတွေ တိုးမြှင့်ဖို့နဲ့ တစ်ရွာထုတ်ကုန်တစ်မျိုးအစီအစဉ်တွေကို အစိုးရမတည်ငွေနဲ့ ပြန်အသက်သွင်းဖို့ လိုတယ်ဆိုပြီး တိုက်တွန်းတာတွေ့ရတယ်။ ကမ္ဘာမှာ COVID-19 ရောဂါကူးစက် ပျံ့နှံမှုဟာ ၆ လအတွင်း ပျောက်သွားမယ်ဆိုရင် ကမ္ဘာ့ ရင်းနှီးမြှုပ်နှံမှု ၅ ရာခိုင်နှုန်းကျဆင်းမယ်၊ ၆ လကနေ ၁ နှစ်အတွင်းကြာမယ်ဆိုရင် ၁၅ ရာခိုင်းနှုန်းအ ထိကျဆင်းမယ်လို့ UNCTAD(United Nation Conference On Trade And Development) အစီရင်ခံစာကို ကိုးကားပြီး ဦးအောင်နိုင်ဦးက ပြောထားတာလည်းရှိပါတယ်။ COVID-19အလွန် ကမ္ဘာ့စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ရမှာဖြစ်သလို  မြန်မာနိုင်ငံ အနေနဲ့လည်း ဒီအကြပ်အတည်းနဲ့ မလွဲမသွေရင်ဆိုင်လာရမှာဖြစ်တာကြောင့် လယ်ယာကဏ္ဍကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရင်နဲ့ ဒီအကြပ်အတည်းကို ကျော်လွှားနိုင်ပါစေလို့ အကြံပြု တိုက်တွန်းလိုက်ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up