Home
မြန်မာသတင်း
ထီးချိုင့်မြို့နယ်တွင် Quarantine ဝင်နေသူအချင်းချင်း စကားများရာက ဓားထိုးမှုဖြစ်ပွား
Aung Ko Latt
·
May 5, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ နတ်အင်းကျေးရွာ စာသင်ကျောင်းရှိ quarantine စင်တာမှာ quarantine ဝင်နေသူအချင်းချင်း စကားများရာက ဓားထိုးမှု မေ ၃ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ကျောင်းအတွင်း quarantine စင်တာဖွင့်လှစ်ထားရှိရာနဲ့ပတ်သက်ပြီး စကားများပြီး ခိုက်ရန်ဖြစ်ပွားခဲ့တာလို့ နယ်မြေခံရဲတပ်ဖွဲ့သတင်းအရ သိရပါတယ်။ ဧပြီ ၂၀ ရက်က တရုတ်နိုင်ငံကပြန်လာတဲ့ အောင်ဇော်ထွန်း (၃၇ နှစ်)ကို တရွာတည်းသား quarantine ဝင်နေသူ ဘိုဆန်း (၄၅ နှစ်)က အသင့်ဆောင်ထားတဲ့ ဓားမြှောင်နဲ့ ထိုးခဲ့တာလို့ ဆိုပါတယ်။ ဓားထိုးမှုကြောင့် အောင်ဇော်ထွန်းမှာ မစိုးရိမ်ရတဲ့ ဝဲဘက် ဝမ်းဗိုက် ပြတ်ရှဒဏ်ရာ ၁ ချက် ရရှိခဲ့ပါတယ်။ ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး ထီးချိုင့်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၄ နဲ့အမှုဖွင့်ထားပါတယ်။ အလားတူ ဘိုဆန်ဘက်ကလည်း ဝဲဘက်နို့အုံအောက်မှာ ပွန်းခြစ်ဒဏ်ရာ ၂ ချက်၊ ဝဲယာမျက်လုံး ဖူးရောင်ဒဏ်ရာနဲ့ နှာခေါင်းပွန်းခြစ် ဒဏ်ရာ (မစိုးရိမ်) ရရှိခဲ့ရပြီး အောင်ဇော်ထွန်းက ဓားနဲ့ထိုးခဲ့တာဖြစ်ကြောင်း ထီးချိုင့်မြို့နယ် ရဲစခန်းမှာ တိုင်ချက်ဖွင့်ပြီး   ရာဇသတ်ကြီးပုဒ်မ ၃၂၄/၃၂၃  နဲ့အမှုဖွင့်ထားပါတယ်။ အပြန်အလှန်အမှုဖွင့်ထားတာဖြစ်ကြောင်း ကမ်းနီရဲကင်းစခန်းမှူး ဒုရဲအုပ် မျိုးဇော်အောင်က အတည်ပြုပြောပါတယ်။ ထီးချိုင့်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးသိန်းဟန်က “ဖြစ်စဉ်ကတော့ ဟုတ်တယ်။ လွှတ်တော်အစည်းအဝေးရောက်နေတာဆိုတော့ အသေးစိတ်တော့ မသိသေးဘူး။ ဒီဖြစ်စဉ် အပါအဝင် ထီးချိုင့်မြို့နယ်မှာတော့ ၂ မှုရှိပြီလို့ ပြောလို့ ရပါတယ်”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကလည်း ထီးချိုင့်မြို့ အ.ထ.က ကျောင်းစောင့်ကြည့်ရေးစခန်းမှာ ဖားကန့်ပြန် အမျိုးသားတဦးက ကျောင်းဝင်းအုတ်တံတိုင်းကိုကျော်ပြီး အရက်သောက်ထွက်တာ၊ တခြားသူတွေကိုစည်းရုံးတာ၊ စောင့်ကြည့်ရေးစခန်းမှာ တာဝန်ကျနေသူတွေကို မချေမငံ ပြောဆိုတာ၊ သီချင်းအကျယ်ကြီးအော်ဆိုတာတွေကြောင့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေနဲ့ အရေးယူခဲ့ပြီး ဧပြီလ ၃၀ ရက်နေ့က ထောင်ဒဏ် ၃ လချမှတ်ထားပါတယ်။  ထီးချိုင့်မြို့နယ်မှာ COVID-19 အတည်ပြုလူနာ မတွေ့ရှိသေးသလို တခြားပြဿနာ ကြီးကြီးမားမားတော့ မရှိဘူးလို့ ဒေသခံလွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024