DVB Logo
Home
မြန်မာသတင်း
လုံခြုံရေးအခြေအနေကြောင့် ဒုက္ခသည်များ အိမ်မပြန်နိုင်သေး
DVB
·
April 19, 2013
လုံခြုံရေးအခြေအနေကြောင့် ဒုက္ခသည်များ အိမ်မပြန်နိုင်သေး
Donate to DVB

ပဋိပက္ခတွေဖြစ်ပွားခဲ့တာ ၁ လလောက် ကြာခဲ့ပြီဖြစ်ပေမယ့် မိတ္ထီလာမြို့ ဒုက္ခသည် စခန်း နေ ပြည်သူတွေ အိမ်ပြန်ချင်ကြပြီဖြစ်ပေမယ့် လုံခြုံရေးအခြေအနေကြောင့် ပြန်လို့ မရသေးပါဘူး။

သူတို့တွေ အိမ်ပြန်နေချင်ကြပြီဖြစ်ပေမယ့် သက်ဆိုင်ရာက စီစဉ်ရေးမှာ အကျပ်တွေ့နေတာကြောင့် အိမ်ပြန်လို့ မရ ဖြစ်နေကြတာပါ။

မိတ္ထီလာမြို့ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းမှာ ခိုလှုံနေထိုင်နေတဲ့ ဦးခင်နန်းက သူတို့ အိမ်ပြန်နေချင်ပြီလို့ အခုလို ပြောပါတယ်။

“ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်မြေပဲလေ၊ ကျနော်တို့လည်း နိုင်ငံသားတွေပါ။ ၀န်ကြီးလည်း လာသွားတယ်လေ။ အားလုံး နိုင်ငံသားတွေပဲ၊ ကိုယ့်အိမ်ကိုယ်ပြန်ရမယ်။ ဒါပေမယ့် နည်းနည်းအေးချမ်းတဲ့ထိစောင့်ပေးပါပေါ့။ ကိုယ့်မိခင်အိမ်၊ မိခင်မြေကို ပျက်စီးမသွားဘူးဆိုရင် ပြန်ချင်ကြသူချည်းပဲ။ ဒါပေမယ့် လုံခြုံရေးအရတို့ ရှိနေသေးတယ်ဆိုတော့ ကျနော်တို့မှာ မပြန်ရသေးတာ။ ”

အိမ်ပြန်မနေရတာကလွဲရင် နေရေး၊ ထိုင်ရေး၊ စားရေးနဲ့ ကျန်းမာရေး အစစ ပြည့်စုံ လုံလောက်တယ်လို့ ပြောပါတယ်။

မိတ္ထီလာမြို့မှာ မီးရှို့ဖို့ လုပ်နေသူတွေ ရှိနေသေးပြီး နှစ်ဆန်း ၁ ရက်နေ့က ကြံစည် လုပ်ဆောင်ခဲ့တာ ရှိခဲ့တယ်လို့ မိတ္ထီလာမြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးသီဟက ပြောပါတယ်။

“နှစ်ဆန်း ၁ ရက်နေ့ညနေမှာ ဓာတ်ဆီပေပါ ၄ ပေပါလောက်တွေ့တယ်။ နဂိုကလည်း အဲနေရာမှာ တွေ့ပြီးပြီ။ အုန်းလက်ခြောက်တွေ၊ ရေနံချေးတို့၊ ဒီမှာရှိတဲ့ အာဏာပိုင်တွေရော၊ အုပ်ချုပ်ရေးမှူးတွေရော ၀ိုင်းလိုက် လိုက်တာ လူကထွက်ပြေးသွားတယ်။ သင်္ကြန်အတက်နေ့ သပြေ၀ရွာမှာ မီးရှို့မှုတခုဖြစ်တယ်။ အိမ် ၁ အိမ်ပါသွားတယ်။”

အခုလိုမျိုး မီးရှို့ဖို့ ကြံစည်လုပ်ဆောင်တာ ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း ၈ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့လဲ ပြောပါတယ်။

မိတ္ထီလာမြို့က ဒုက္ခသည်တွေ အိမ်ပြန်ပို့ဖို့ ကိစ္စအတွက် တာဝန်ရှိသူတွေ အကျပ်တွေ့နေတယ်လို့ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းထိန်က ပြောပါတယ်။

“အခုက ညရေးညတာတွေမှာ မီးလန့်တာ၊ လုံခြုံရေးလန့်တာတွေက ရှိနေသေးတယ်။ ၁ ပတ်မှာ ၁-၂ ဖြစ်နေသေးတယ်။ အဲတော့ ပြန်ပို့ဖို့ အာဏာပိုင်တွေက တော်တော်စဉ်းစားနေရတယ်။ ကျနော်တို့လည်း ကူစဉ်းစားပေးနေရတယ်။ မဖြစ်မနေတော့ ပြန်ပို့ပေးမှာပါ။ အာဏာပိုင်တွေရော၊ ကျနော်တို့ရော ဦးနှောက်အတော်ခြောက်နေပါတယ်။”

ပျက်စီးသွားတဲ့အိမ်တွေကို လူမှုဝန်ထမ်းဝန်ကြီးဌာန အစီအစဉ်နဲ့ ပြန်ဆောက်ပေးဖို့ ရှိတဲ့ အကြောင်းလဲ ပြောပါတယ်။

မတ် ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာပဋိပက္ခအတွင်း လူ ၄၀ လောက် သေဆုံးပြီး လူဦးရေ ၁ သောင်းလောက် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်နေကြရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
လုံခြုံရေးအခြေအနေကြောင့် ဒုက္ခသည်များ အိမ်မပြန်နိုင်သေး