DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံကို တရားဝင် ဆန်တင်သွင်းခွင့်ရရန် နီးကပ်လာ
DVB
·
April 19, 2013
တရုတ်နိုင်ငံကို တရားဝင် ဆန်တင်သွင်းခွင့်ရရန် နီးကပ်လာ
Donate to DVB

မြန်မာ့ဆန် တရုတ်နိုင်ငံကို တရားဝင်တင်သွင်းခွင့်ပေးဖို့ အစိုးရချင်း နားလည်မှုစာချွန်လွှာ မကြာခင်ကာလအတွင်း လက်မှတ်ထိုးနိုင်တော့မယ်လို့ မျှော်လင့်ရတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်း အလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက ပြောပါတယ်။

မကြာသေးခင်က သမ္မတဦးသိန်းစိန်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်နိုင်ငံထဲကို တရားဝင်လမ်းကြောင်းက မြန်မာ့ဆန် တင်သွင်းခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ခရီးစဉ်ကြောင့် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား တရားဝင်ဆန်တင်ပို့နိုင်ဖို့ အစိုးရချင်း နားလည်မှုစာချွန်လွှာ ထိုးနိုင်ဖို့ နီးစပ်လာပြီလို့ ဆိုပါတယ်။

“ဒီကိစ္စက ကြာနေပြီဗျ။ ပထမတခေါက်ကတော့ သူတို့အနေအထားက သဘောတော့တူမယ့် အနေအထားရှိတယ်။ အရည်အသွေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဆီက အဆင့်မြင့် ကိုယ်စားလှယ်တဖွဲ့ လွှတ်ပြီးတော့မှ သူတို့ဆီက အစားအသောက်နဲ့ ပတ်သက်လို့ အရည်အသွေးစစ်တဲ့ ဌာနရှိတယ်။ အရင်ဆုံး အဲဒီကို ကျနော်တို့ဆီက စီနီယာ တာဝန်ရှိသူ လွှတ်ပြီး ညှိပြီးတော့မှ အဆင်ပြေတယ်ဆိုမှ နောက်တခေါက်မှ MOU နားလည်မှုစာချွန်လွှာ ထိုးနိုင်မယ့်အခြေအနေရှိပါတယ်။ ဒါပေမယ့် ရက်အတိအကျတော့ မပြောနိုင်ဘူးပေါ့နော်။ ”

ပြီခဲ့တဲ့နှစ်က မြန်မာ့ဆန် တန်ချိန် ၁ သန်း ၄ သိန်းလောက် ပြည်ပကို တင်ပို့ရာမှာ တရုတ်ပြည်ဘက်ကို တန်ချိန် ၈ သိန်းကျော် တင်ပို့နိုင်တယ်လို့ ဒေါက်တာစိုးထွန်းက ဆိုပါတယ်။ အဲဒီဆန်တွေဟာ မြန်မာပြည်ကအထွက်မှာ တရားဝင် ပို့ကုန်လိုင်စင်နဲ့ထွက်ပေမယ့် တရုတ်နိုင်ငံဘက်က အရည်အသွေးသတ်မှတ်ချက်အရ မပြည့်မီလို့ တရားဝင်တင်သွင်းခွင့်မရဘဲ မှောင်ခို ဖြစ်နေတာပါ။

တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား အစိုးရချင်း တရားဝင်ဆန်တင်ပို့နိုင်ရေးနဲ့ စပ်လျဉ်းပြီး ကြိုးပမ်းဖို့လိုသလို တရားဝင်တင်ပို့ခွင့်ရရင်လည်း တရုတ်အစိုးရဘက်က အခွန်နှုန်းထားလျော့ချပေးဖို့ လိုအပ်တယ်လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“၂ ချက်တောင်းဆိုချင်တယ်။ အစိုးရ-အစိုးရချင်းဖြစ်အောင် မြန်မာအစိုးရကလည်း တရုတ်အစိုးရနဲ့ ညှိနှိုင်းပေးဖို့၊ နောက်တခုက အခွန်နှုန်းကလည်း သက်သာခွင့်ရမှဖြစ်မယ်။ တရားဝင်တင်သွင်းခွင့်ရလည်း တရုတ်တွေမှာကလည်း လယ်သမားကာကွယ်ရေး ရှိတော့ တရားဝင်တင်သွင်းရင် အခွန်က ၃၀ ရာခိုင်နှုန်းဖြစ်မှာဆိုတော့ ကိုက်မှာမဟုတ်ဘူး။ အစိုးရ-အစိုးရချင်း လက်မှတ်ထိုးလိုက်လို့လည်း အများကြီးပြောင်းလဲသွားဖို့ မရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တရားဝင်ဖြစ်သွားရင် အခွန် ၃၀ ရာခိုင်နှုန်းကောက်မှာဆိုတော့ အဲဒါလေးပါ လျော့ချပေးဖို့ ညှိနှိုင်းပေးဖို့ လိုမယ်လို့ကျနော်ထင်တယ်။”

အစိုးရဘက်ကတော့ အခုလာမယ့် မိုးစပါးရာသီအတွက် ဆန်စပါး စိုက်ပျိုးစရိတ်ချေးငွေ ၁ ဧက ကျပ် ၁ သိန်းနဲ့ တခြားသီးနှံအတွက် ကျပ် ၂ သောင်း ထုတ်ချေးဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

“ဒီနှစ်က မနှစ်က ဘတ်ဂျက်ထက်စာရင် များတယ်။ မနှစ်က ဘီလီယံ ၅၀၀ ကျော်၊ ဒီနှစ်လျာထားတာက ဘီလီယံ ၁၄၀၀ လျာထားတယ်ဆိုတော့ တက်တော့ တက်လာတာပေါ့။ ဒါပေမယ့် ကျနော်တို့လိုချင်တဲ့ လုံလောက်တဲ့ပမာဏလောက်တော့ မရောက်သေးဘူး။ လုံလောက်အောင်ဆိုရင် ၁ ဧကကို ၁ သိန်းခွဲကနေ ၂ သိန်းအကြားလောက်လိုမယ်“ လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“လယ်သမားတွေက နှစ်ရှည်ချေးငွေလိုချင်ကြတာလေ။ ဒါကကျတော့ ၄ လ၊ ၅ လအတွင်း ပြန်ဆပ်ရမယ်ဆိုတော့ ဆပ်ရမယ့်အချိန်မှာ စပါးပေါ်ချိန်ဆိုတော့ စပါးဈေးကျတဲ့ ပြဿနာဖြစ်တာပေါ့နော်” လို့ ပြောပါတယ်၊

နိုင်ငံပိုင် စိုက်ပျိုးရေးဘဏ်က အခု နွေစပါး ၁ ဧက ၈ သောင်းနှုန်းနဲ့ ထုတ်ချေးပေးနေတာကို ရပြီး စပါးဖြစ်ထွန်းပေမယ့် သက်ဆိုင်ရာတာဝန်ရှိသူတွေက လယ်တွေကို အောင်ရေလုံလောက်အောင် လုပ်ပေးဖို့ လိုအပ်နေတယ်လို့ သာယာဝတီခရိုင် လယ်သမားတဦးက ပြောပါတယ်။

“နွေစပါးစိုက်ခင်းထဲမှာ ရေအပြည့်အ၀မရတဲ့အတွက် တချို့အုပ်စုတွေမှာ လယ်သမားတွေ တော်တော်စိတ်ဆင်းရဲရတယ်။ တကယ်လို့ အောင်ရေမှာ ရေမရခဲ့ဘူးဆိုရင် ဒီငွေကို တခါ ပြန်မဆပ်နိုင်ဘူးဖြစ်ဦးမယ်လေ။ အဲဒီအောင်ရေရဖို့ဆိုတာက အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရယ်။ စိုက်ပျိုးရေးကလူတွေရယ်၊ ဆည်မြောင်းက လူတွေရယ်က အချိန်နဲ့အမျှ ဂရုစိုက်ပြီး အလုပ်လုပ်ပေးနေဖို့ လိုတာပေါ့။ တချို့နေရာတွေဆို ရေငတ်သွားတဲ့နေရာမျိုးတွေရှိတယ်။ ရှိတော့မှ ရွာကနေ တက်ပြော၊ တက်ပြောတော့မှ ရေလွှတ်ပေးပေါ့ဗျာ။ ပုံမှန် ရေစီးဆင်းမှုမဟုတ်ဘဲနဲ့ အပေါ်ကို တက်ပြီး အကြောင်းကြားမှ ရေက လာသလို ဖြစ်နေတယ်” လို့ ပြောပါတယ်။

တောင်သူလယ်သမားအသင်းဟာ အခုလတ်တလောမှာ လယ်သမားအခွင့်အရေး ကာကွယ်ရေးအက်ဥပဒေ ထွက်လာဖို့ ရေးဆွဲနေပါတယ်၊ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ကစပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်းရေးဆွဲနေတာ ဖြစ်ပါတယ်။

ဒေါက်တာ စိုးထွန်းက “မူလေးတွေတော့ရပြီ။ အဲဒါ ပြီးသွားတဲ့အချိန်ကျရင် ကျနော်တို့ ပြောနေတဲ့ ကြွေးမြီပြဿနာတော့ ဖြေရှင်းနိုင်မယ်။ အဲဒီဥပဒေထဲမှာ နှစ်ရှည်ချေးငွေရဖို့၊ ထွက်လာတဲ့သီးနှံကို အာမခံနဲ့ ၀ယ်ပေးဖို့။ နည်းပညာနဲ့ပတ်သက်လို့ စက်မှုလယ်ယာကူးပြောင်းတဲ့နေရာမှာ ထောက်ပံ့ဖို့၊ ပျက်စီးဆုံးရှုံးသွားတဲ့ သီးနှံတွေအတွက် အာမခံပေးဖို့၊ ဒါတွေပါတဲ့ ဥပဒေတရပ်တော့ ဆွဲနေတယ်။ လာမယ့်လွှတ်တော်မှာ ဇွန်လလောက်ဆို အတည်ပြုနိုင်မယ်” လို့ ပြောပါတယ်။

ဒီနှစ် နွေစပါးအထွက်ကောင်းပေမယ့် ဧပြီလဆန်းပိုင်း ပြည်တွင်းမှာ ဆန်ဈေးကျနေတယ်လို့ ဆိုပါတယ်။
တရုတ်ဘက် ဗီယက်နမ်ဘက်က ဆန်တွေ ၀ယ်ယူနေတာကြောင့် မြန်မာ့ဆန်တွေ နယ်စပ်အပို့နည်းနေပြီး ပြည်တွင်းမှာ ဆန်ဈေးအေးနေတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013