ရွှေ့ပြောင်းနေထိုင်သူများကို အီရန်နယ်ခြားစောင့်တပ် နှိပ်စက်ပြီး မြစ်ထဲပစ်ချဟု အာဖဂန်ပြော

Reuters
အာဖဂန်နစ္စတန် နိုင်ငံသားရွှေ့ပြောင်းနေထိုင်သူတွေ အီရန်နိုင်ငံထဲကို ဝင်မလာအောင် ဟန့်တားဖို့ အီရန် နယ်ခြားစောင့် တပ်တွေက အာဖဂန်တွေကို နှိပ်စက်ပြီး မြစ်ထဲ ပစ်ချခဲ့တယ်ဆိုတဲ့ အစီရင်ခံစာတွေ ထွက်လာအပြီး မေလ ၃ ရက်မှာ အာဖဂန်အရာရှိတွေက ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အလောင်းတွေကို လိုက်ရှာနေပါတယ်။ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ အာဖဂန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မေလ ၂ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ နယ်စပ်မှာရှိတဲ့ ဟီရတ်ပြည်နယ်ကနေ အီရန်နိုင်ငံထဲကို ဝင်ဖို့ ကြိုးစားတဲ့ အာဖဂန် အယောက် ၇၀ ထက် မနည်းဟာ အရိုက်ခံရပြီး ဟာရီရဒ် မြစ်ထဲ တွန်းချခံရတယ်လို့ ကနဦး အကဲဖြတ်ချက်က အဆိုပြုထားကြောင်း ကဘူးမြို့တော် အခြေစိုက် သမ္မတနန်းတော်က အကြီးတန်း အရာရှိ တယောက်က ပြောပါတယ်။  ဟာရီရဒ် မြစ်ဝှမ်းကို အာဖဂန်နစ္စတန်၊ အီရန်နဲ့ တာ့ခ်မန်နစ္စတန်နိုင်ငံတွေက မျှဝေ ပိုင်ဆိုင် ပါတယ်။ အာဖဂန် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အလောင်းတွေကို လက်ခံရရှိထားတယ်၊ တချို့က ရေနစ်သေဆုံးထားသူတွေ ဖြစ်တယ်လို့ ဟီရတ်ခရိုင်ဆေးရုံ ဆရာဝန်တွေက ပြောပါတယ်။  နယ်ခြားစောင့် ရဲတွေက ဒါဇင်နဲ့ချီတဲ့ အာဖဂန် ရွှေ့ပြောင်းလုပ်သားတွေကို နှိပ်စက်ပြီး ရေနစ်အောင် လုပ်တယ်ဆိုတဲ့ စွဲချက်တွေကို ဟီရတ်မြို့ အခြေစိုက် အီရန်ကောင်စစ်ဝန်ရုံးက ငြင်းပါတယ်။  မိုင် ၅၂၀ ရှည်တဲ့ နယ်စပ်တလျှောက် အီရန်ရဲတွေက အာဖဂန် ရွှေ့ပြောင်းလုပ်သားတွေကို နှိပ်စက်သတ်ဖြတ်တာ ပထမဆုံးအကြိမ် မဟုတ်ဘူးလို့ အာဖဂန် အရာရှိတွေက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးအတွင်း ကူးစက်ခံ လူအများအပြား ပါတဲ့ အာဖဂန် ရွှေ့ပြောင်းနေထိုင်သူတွေကို အီရန်က အစုလိုက် အပြုံလိုက် နှင်ထုတ်ခဲ့ချိန်မှာ ခုဖြစ်ရပ်ဟာ ၂ နိုင်ငံကြား သံတမန်ရေး အကြပ်အတည်းကို ပိုကြီးစေနိုင်တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ အီရန်ကနေ အာဖဂန်နိုင်ငံသား နေ့စဉ် အယောက် ၂၀၀၀ လောက် ဟီရတ်ပြည်နယ်ထဲကို ပြန်လာနေကြတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up