ကိုရိုနာဗိုင်းရပ်စ်က သဘာဝအတိုင်း ဖြစ်လာဟု WHO ပြော
DVB
·
May 4, 2020
တကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ သဘာဝအတိုင်း ဖြစ်လာတာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မေ ၃ ရက်မှာ ပြောလိုက်ပါတယ်။
ဘီဘီစီသတင်းဌာနက အန်ဒရူးမားရဲ့ မေးမြန်းခန်းမှာ WHO ရဲ့ COVID-19 ရေးရာ နည်းပညာခေါင်းဆောင် မာရီယာ ဗန်ခါခို့ဗ်က ခုလို ပြောလိုက်တာပါ။
တခြား ကိုရိုနာဗိုင်းရပ်စ်တွေရဲ့ မျိုးဗီဇကွင်းဆက်တွေနဲ့ နှိုင်းစာရင် ကိုဗစ်-၁၉ ဟာ သဘာဝ ရင်းမြစ်ဖြစ်တဲ့ လင်းနို့တွေဆီက လာတာလို့ သူက ပြောပါတယ်။
“ကြားခံ လက်ခံသူလို့ ကျမတို့ ခေါ်နေတဲ့ အရာကို တကယ်ကြီး နားလည်ဖို့ လိုနေတယ်။ လင်းနို့ကနေ ကူးစက်ခံလာပြီး လူကို ထပ်ဆင့် ကူးစက်စေတဲ့ တိရစ္ဆာန်က ဘာလဲ ဆိုတာပေါ့” လို့ ဗန်ခါခို့ဗ်က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ ဝူဟန်မြို့က ဓာတ်ခွဲခန်းကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားခဲ့တာ ဟုတ်သလားဆိုတာ အမေရိကန်အစိုးရက စုံစမ်းစစ်ဆေးနေတယ်လို့ သမ္မတ ထရမ့်က ဧပြီ ၁၅ ရက်မှာ ပြောကြားထားပါတယ်။
ထရမ့်ရဲ့ ပြောဆိုချက်က အခြေအမြစ် မရှိဘူးလို့ ဓာတ်ခွဲခန်း ခေါင်းဆောင်က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။