အင်းစိန်မြို့နယ်က အမျိုးသမီး ၃ ဦးပါအဝင် COVID-19 အတည်ပြုလူနာသစ် ၄ ဦးထပ်တွေ့
DVB
·
May 3, 2020
ရန်ကုန်တိုင်းဒေသကြီးမှာ COVID-19 အတည်ပြုလူနာသစ် ၄ ဦး ထပ်မံစစ်ဆေးတွေ့ရှိရပြီး နိုင်ငံတဝန်းမှာ အတည်ပြုလူနာ စုစုပေါင်း ၁၅၅ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည ၈ နာရီ အချိန်မှာ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါလူနာသစ် ၄ ဦးကတော့ အင်းစိန်မြို့နယ်က အသက် ၃၂ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ ၁၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ အသက် ၂၀ အရွယ်အမျိုးသမီး ၁ ဦး၊ တာမွေမြို့နယ်က အသက် ၄၈ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ဖြစ်ကြပါတယ်။
အင်းစိန်မြို့နယ်က အမျိုးသမီးလူနာသစ် ၃ ဦးဟာ ပြည်ပကိုခရီးသွားခဲ့တာမရှိပေမဲ့ အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိခဲ့လို့ အသွားအလာကန့်သတ်ထားရှိခံနေရသူတွေ ဖြစ်ပါတယ်။ တာမွေမြို့နယ်က အမျိုးသား လူနာသစ် ၁ ဦးကတော့ ပြည်ပကို ခရီးသွားခဲ့တာ မရှိသလို အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့ခဲ့တာ မရှိပေမဲ့ ရန်ကုန်ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူနေရသူဖြစ်ပါတယ်။
ဒီကနေ့ ညနေပိုင်း အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ပထမအသုတ် စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၆၃ ခုနဲ့ ဆေးသုတေသနဦးစီးဌာနက စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၆၀ ခု၊ စုစုပေါင်း ၁၂၃ ခုမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၄ ဦး တွေ့ရှိခဲ့တာဖြစ်ပါတယ်။
မေလ ၃ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၁၅၅ ဦး၊ သေဆုံးသူ ၆ ဦး၊ ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၄၃ ဦးနဲ့ ဆေးရုံမှဆင်းခွင့်ရသူ ၂၉ ဦးရှိတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
Photo-MOHS