Home
မြန်မာသတင်း
ပုသိမ်ဘူတာအနီးက ရေလုပ်သားများ နေရပ်ပြန်ရေးနှင့်စားဝတ်နေရေး အခက်အခဲဖြစ်နေ
DVB
·
May 3, 2020
COVID-19 ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ဖို့ ဧရာဝတီတိုင်းအတွင်း ခရီးသွားယာဉ်လိုင်းတွေနဲ့ ရေလုပ်ငန်းတွေ ပိတ်ထားတာကြောင့် ပုသိမ်မြို့ ဘူတာအနီး နေထိုင်တဲ့ ရေလုပ်သား ၁၇ ဦး နေရပ်ပြန်ဖို့နဲ့ စားဝတ်နေရေး အခက်အခဲ ကြုံနေကြပါတယ်။ ဇာတိဒေသတွေကို ပြန်ဖို့အခက်အခဲဖြစ်နေတဲ့ ရေလုပ်သားတွေကတော့ ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်အတွင်းက ကျားဖောင်လုပ်ငန်းတွေနဲ့ ဟိုင်းကြီး စံပြကျေးရွာဘက်က ဂါးသင်္ဘော(ခ) ပင်လယ်ငါးဖမ်းသင်္ဘောတွေမှာ လိုက်ပါလုပ်ကိုင်နေတဲ့သူတွေဖြစ်ပြီး အများစုကတော့ ဧရာဝတီတိုင်းအတွင်းကဖြစ်ကာ တဦးကတော့ ပဲခူးတိုင်းဒေသကြီးမှာ နေထိုင်သူဖြစ်တယ်လို့ ရေလုပ်သားတွေက ဒီဗွီဘီကို ပြောပါတယ်။ “အားလုံး ဒီမှာဆို ၁၇ ဦးလောက်ရှိတယ်၊ အဆင်ပြေသလို နေနေရတာ၊ လူအသွားလာ နည်းတဲ့နေရာတွေမှာ ညဘက်ဆို သွားအိပ်ရတယ်၊ ရဲအဖမ်းခံရမှာလည်း ကြောက်ရသေးတယ်လေ၊ အားလုံးကတော့ အမျိုးသားတွေပါ။ ဘူတာမှာက ညဘက်ဆို မလုံခြုံဘူး၊ အဲ့တော့ ဘူတာနဲ့ ဝေးပြီး လူနဲ့မနီးတဲ့ လယ်ကွင်းတွေ အပင်အောက်တွေမှာ သွားအိပ်၊ မနက်ဆို ဘူတာကို ပြန်လာပြီး ရှာဖွေစားသောက်ရပါတယ်။ ပြန်လာတုန်းကတော့ အများကြီးပေါ့၊ မြို့နဲ့ နီးတဲ့သူတွေကတော့ ပြန်ကုန်ပါပြီ။ ဒီမှာကျန်တာ အားလုံးဆို ၁၇ ဦးပေါ့၊ ကော်ကောက်ပြီး ရတာလေးနဲ့ စားနေရတာ ထမင်းကတော့ ပုံမှန်မရှိဘူးပေါ့၊ ၂ ရက် ၁ ခါမှ စားရတာလည်းရှိတယ်၊ တနေ့လုံး ကော်ကောက်မှ ၁၂၀၀ လောက်ရတာဆိုတော့ စားဖို့အဆင်မပြေတော့ ပြန်ဖို့ဆိုတာ ပိုဆိုးတာပေါ့၊ အဲဒီလိုနဲ့ ဒီမှာ အခက်အခဲတွေ ကြုံနေရတာပါ” လို့ ပြောပါတယ်။ ပင်လယ်ပြင်တွေကနေ ရေလုပ်ငန်းလုပ်ကိုင်ပြီး ပြန်ရောက်လာသူတွေမှာ ပိုက်ဆံလမ်းစရိတ် ပြန်ပါလာသူတွေ ရှိသလို လူခေါ်ပွဲစား အလိမ်ခံလိုက်ရလို့ လမ်းစရိတ်တောင် မပါလာတော့တဲ့ သူတွေလည်း ရှိတာကြောင့် သူတို့တွေက ပုသိမ်ဘူတာအနီးတဝိုက်မှာ ကော်ကောက်တဲ့အလုပ်နဲ့ မြက်ပေါက် အမှိုက်ရှင်း စတဲ့အလုပ်လုပ်တွေ လုပ်ကိုင်ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေရတာပါ။ ခရီးလမ်းစရိတ် ပါလာလို့ နေထိုင်ရာဇာတိကို ပြန်သွားပြီး ပြန်ရောက်တဲ့အခါမှ ကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ရွာသူရွာသားတွေက လက်မခံတော့လို့ ပုသိမ်ဘူတာအနီးက သူတို့ နေထိုင်ခဲ့တဲ့နေရာတွေကို ပြန်လာရသူတွေလည်း ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဖျာပုံခရိုင် နောက်မှီကျေးရွာမှာ ကျားဖောင်ဦးစီးအဖြစ် လုပ်ကိုင်ပြီး ပြန်လာသူ ကိုကျော်စိုးဝေက ဒီလိုရောဂါဆိုးကြီးဖြစ်နေတဲ့အခြေအနေကို ပင်လယ်ထဲမှာ မသိခဲ့လို့ နေထိုင်ရာဇာတိ ကျောင်းကုန်းမြို့နယ်ကို ပြန်သွားချိန်မှာ ရွာသားတွေနဲ့ ရွာက အုပ်ချုပ်သူက လက်မခံတော့လို့ ပုသိမ်မြို့ကို ပြန်လာခဲ့ရပြီး ဘူတာအနီးတဝိုက်မှာ ကော်ကောက်ပြီး နေထိုင်စားသောက်နေရတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ COVID-19 ရောဂါကြောင့် ဧရာဝတီတိုင်းအတွင်း ခရီးသွားလာတဲ့ ယာဉ်လိုင်းတွေကို တိုင်းအစိုးရက ပြေးဆွဲဖို့ ပိတ်ထားခဲ့သလို ကုန်တင်ယာဉ်တွေနဲ့ အိမ်စီးကားတွေနဲ့ ခရီးသွားလာပါက ၅ ယောက်ထက် မပိုရ အမိန့်ထုတ်ပြန်ထားပြီး ယာဉ်စီးခလည်း ပုံမှန်ထက် နှစ်ဆ မြင့်တက်နေတာတွေကြောင့် လမ်းစရိတ်မလောက်လို့ မပြန်နိုင်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ပုသိမ်ဘူတာအနီး ဒုက္ခရောက်နေတဲ့ ရေလုပ်သားတွေကို နေရပ်ပြန်ပို့နိုင်ဖို့ စီစဉ်နေပြီး သက်ဆိုင်တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ညှိနှိုင်းတာတွေ ပြုလုပ်ထားတယ်လို့ ပုသိမ်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေးက ပြောပါတယ်။ ပင်လယ်ကနေ ပြန်လည်ရောက်ရှိလာတဲ့ ရေလုပ်သားတွေဟာ ဧပြီလ ၁ ရက်နေ့က စတင်ကာ ပုသိမ်မြို့ ဘူတာကြီးကို ရောက်ရှိလာတာဖြစ်ပြီး အတော်တော်များများက အသိတွေ လာခေါ်လို့ ပြန်လိုက်သွားတာ၊ ရေလုပ်ငန်းတွေ အလုပ်ပြန်စချိန် လုပ်ငန်းလုပ်ကိုင်ဖို့ ပွဲစားတွေ လာခေါ်လို့ ပြန်ပါသွားတာကြောင့် နေရပ်ပြန်ဖို့ အခက်အခဲရှိနေသူ ၁၇ ဦး ရှိနေတာပါ။  ဧရာဝတီတိုင်းအတွင်း ခရီးသွားလာတဲ့ ယာဉ်လိုင်းတွေကို တိုင်းအစိုးရက ပြေးဆွဲဖို့ ပိတ်ထားခဲ့သလို ကုန်တင်ယာဉ်တွေနဲ့ အိမ်စီးကားတွေနဲ့ ခရီးသွားလာပါက ၅ ယောက်ထက်မပိုရ အမိန့်ထုတ်ပြန်ထားတာတွေကို မေလ ၁၅ ရက်နေ့အထိ အမိန့်ထုတ်ပြန်ထားပါတယ်။ ခရီးသွားရေယာဉ်လိုင်းတွေကို နေခင်းပိုင်းအချိန်ကို ပြောင်းလဲပြေးဆွဲခိုင်းတာတွေရှိသလို မီးရထားလိုင်းတွေကိုလည်း အမြန်ရထားနဲ့ လော်ကယ်ရထားလိုင်းတွေကို မေလ ၁၅ ရက်နေ့ အထိ ရပ်နားထားကာ စာပို့ရထား ၁ စီးသာ ပုသိမ်ဘူတာကနေ ကြံခင်းဘူတာကို ပြေးဆွဲနေတာ ဖြစ်ပါတယ်။ မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024