DVB Logo
Home
မြန်မာသတင်း
နှစ်နိုင်ငံ သဘောတူချက်အရ လာသည့် အလုပ်သမားများ အခက်ကြုံ
DVB
·
April 19, 2013
နှစ်နိုင်ငံ သဘောတူချက်အရ လာသည့် အလုပ်သမားများ အခက်ကြုံ
Donate to DVB

နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာပါ သဘောတူညီချက်အရ  မြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံကို တရားဝင် ပို့ဆောင်ရာမှာ တာဝန်ယူမှုကင်းမဲ့တာတွေ ကြုံနေရတယ်လို့  အလုပ်သမားအဖွဲ့က ပြောပါတယ်။

တရားဝင်လမ်းကြောင်းကလာတဲ့ မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံမှာ အဖမ်းအဆီးမရှိ အလုပ်ဝင်နိုင်ပေမယ့် သက်ဆိုင်ရာ နှစ်နိုင်ငံ သံအရာရှိတွေရဲ့ တာဝန်ယူမှု အားနည်းနေတဲ့အတွက် အလုပ်သမားတွေ အခက်အခဲ ကြုံနေရတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (အမ်အေတီ) ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။

[caption id="attachment_32996" align="alignright" width="300" caption="မဟာချိုင်ဒေသ ပင်လယ်ငါးဖန်းလုပ်ငန်းခွင်တခုတွင် တွေ့ရသည့် မြန်မာအလုပ်သမားအချို့ (ဓာတ်ပုံ - ရိုက်တာ)"][/caption]

“အလုပ်မရှိဘဲ လူသွင်းတယ်။ ဒီရောက်တော့ အလုပ်သမားတွေ ဖြစ်ချင်ရာဖြစ် ပစ်ထားလိုက်တယ်။ ငါးဖမ်းစက်လှေပေါ်ရောက်သွားတဲ့ အမ်အိုယူ ပြဿနာတွေရှိတယ်။ မျက်လုံးကန်းသွားလို့ ဆေးဝါးကုသဖို့ ကျနော်တို့ မေတ္တာရပ်ခံတာကို လုံးဝဂရုမစိုက်တဲ့ အမ်အိုယူသမားတွေ ရှိတယ်။ အလုပ်ရုံအ၀င်ဝမှာ ကားတိုက်သွားလို့ ခြေထောက်အရိုးအက်သွားတဲ့ အလုပ်သမကို လျော်ကြေး တပြားတချပ်မှ မပေးတဲ့ ကိစ္စတွေ ရှိတယ်။

“နှစ်နိုင်ငံအစိုးရ အလုပ်သမားအရာရှိတွေက အလုပ်သမားတင်သွင်းရေးသည် သူတို့အတွက် အဓိက ပြဿနာဖြစ်နေတယ်။ ၁ သိန်းထက်မက ရှိနေပြီဖြစ်တဲ့ အမ်အိုယူအလုပ်သမား ပြဿနာတွေသည် ရေခဲစက်ရုံကို ပို့တဲ့ အလုပ်သမားတွေ ရေခဲစက်ရုံမှာ ရှိသလား၊ ကြက်သားစက်ရုံလို့ ပို့တဲ့ အလုပ်သမားတွေ ကြက်သားရုံမှာ ရှိသလား၊ ပန်းရန်ဆိုဒ်ကို ပို့တဲ့ အလုပ်သမားတွေ ပန်းရန်ဆိုဒ်မှာ ရှိသလား၊ မူလပါ စည်းကမ်းအတိုင်း ဘတ် ၃၀၀ တနေ့ကို ရသလား။ တနာရီ အိုဒီ ဘတ် ၅၀ ရသလားဆိုတာ ဒီနေ့အထိ နှစ်နိုင်ငံအစိုးရ ဘယ်လုပ်ငန်းခွင်ကိုမှ ၀င်လို့မဖြစ်သေးဘူး။ ဒီလိုနှစ်နိုင်ငံ အားနည်းချက်ကို သိတဲ့ အမ်အိုယူ ပွဲစားကုမ္ပဏီတွေက အလုပ်သမားတင်သွင်းခွင့်ကို ရတာဟာ သားသတ်လိုင်စင်ကို ရရှိသကဲ့သို့ အလုပ်သမားတွေကို လုပ်ချင်တိုင်း၊ ဖြတ်ချင်တိုင်း ဖြတ်နေပါသတည်း။”

နှစ်နိုင်ငံဆိုင်ရာ အလုပ်သမားရေးရာ တာဝန်ရှိသူတွေက အလုပ်သမား များများ တင်သွင်းဖို့ကို ပိုဦးစားပေးနေပြီး အလုပ်သမားပြဿနာတွေ ဖြေရှင်းပေးရာမှာ အားနည်းတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စမွတ်ပရာကန်က ပုစွန်စက်ရုံမှာ  လုပ်အားခ  ပြဿနာဖြစ်နေတဲ့  မြန်မာအလုပ်သမား ၅၁ ဦးဟာ  မဟာချိုင်မှာရှိတဲ့ အမ်အေတီရုံးမှာ လာရောက် ခိုလှုံနေရတယ်လို့ ဆိုပါတယ်။

သင်္ကြန်မတိုင်ခင် ဧပြီ ၉ ရက်နေ့က ရောက်လာတဲ့ သူတို့အားလုံး စားရေးသောက်ရေးအတွက် မြန်မာသံရုံး ကောင်စစ်ဝန် ဦးနိုင်ထွန်းက ဘတ်ငွေ ၅၀၀၀ ထောက်ပံ့ပေးပြီး ကျန်တာကိုတော့  အမ်အေတီက ကူညီထောက်ပံ့ပေးနေတယ်လို့ ဦးကျော်သောင်းက ဆက်ပြောပါတယ်။

ဒီပြဿနာတွေ ပြေလည်စေဖို့ သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနတွေနဲ့ သံတမန်အရာရှိတွေဆီ ဖုန်းနဲ့ရော၊ လူကိုယ်တိုင်ပါ အကြိမ်ကြိမ် တိုင်ကြားပေမယ့် အကြောင်းမထူးသေးဘူးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံကို အမ်အိုယူ (နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ) နဲ့လာရင် အဆင်ပြေပြေ အလုပ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားပေမယ့် တကယ်တမ်း အထင်နဲ့အမြင် လွဲခဲ့ရတယ်လို့ ခိုလှုံနေရတဲ့ စောမြတ်ချိုက ပြောပါတယ်။

“ကျနော်တို့ မျှော်လင့်ထားတဲ့ မျှော်လင့်ချက်က ဒီကိုရောက်လာရင် လုပ်ငန်းတွေ ကြိုးစားအားထုတ်ပြီးလုပ်မယ်၊ ကိုယ့်မိသားစုတွေကို အတတ်နိုင်ဆုံးထောက်ပံ့မယ်ဆိုပြီး အားခဲထားတာ။ အခုက ကိုယ့်မိသားစုကို ပြန်ပြီး မထောက်ပံ့နိုင်တဲ့အပြင် ကျနော်ုတို့မှာ ဒုက္ခတွေဖြစ်နေတယ်။ သူများကူညီပြီး ကျွေးမွေးလို့ စားသောက်နေရတဲ့ တကယ့်ဒုက္ခသည်အစစ်တွေ။ ကျနော်တို့ အရင်က ကြားခဲ့ဖူးတာတွေက ပုံပြင်လိုပဲ ထင်မှတ်ခဲ့တာ အခုတော့ လက်တွေ့ ကျနော်တို့ ကြုံရတော့ ဖော်မပြနိုင်အောင် ကျနော်တို့ ၀မ်းနည်းမိပါတယ်။”

ပြီးခဲ့တဲ့ မတ် ၁၅ နေ့မှာ ရောက်လာတဲ့ သူတို့အသုတ်ထဲမှာ လူဦးရေ ၁၅၀ ရှိပြီး စမွတ်ပရာကန်ရှိ ပုစွန်စက်ရုံရောက်တော့ အလုပ်ရှင်က အလုပ်သမား ၇၅ ဦးသာ လိုကြောင်း ပြောတယ်လို့ ဆိုပါတယ်။

မငှားချင်ဘဲ ငှားရတဲ့ သူတို့ကို အလုပ်ရှင်က လုပ်အားခ ချိုးနှိမ်ရာက  ပြဿနာတွေ ဖြစ်လာကြောင်း၊ သူတို့အနေနဲ့ အလုပ်ရှင်ဆီက ရဖို့လိုတဲ့ လုပ်အားခတွေ အရင်လိုချင်ပေမယ့် သံအရာရှိတွေက အမျိုးသမီးတွေကို ကြုံရာအလုပ်မှာ လူခွဲသွင်းပေးတဲ့အတွက် မကျေနပ်မှုတွေ ရှိနေကြောင်း  စောမြတ်ချိုက ပြောပါတယ်။

အမ်အိုယူနဲ့ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်မယ်ဆိုရင် မြန်မာအစိုးရဘက်ကို ကျပ်ငွေ ၁ သိန်းထက်မပို၊ ထိုင်းအစိုးရဘက်ကို ဘတ်ငွေ ၁ သောင်း ထက်မပိုဘူးလို့ ကြေညာထားပေမယ့်လည်း တကယ်တမ်း မြန်မာဘက်မှာ  ၂ သိန်းခွဲကနေ ၃ သိန်းအထိ ကုန်ခဲ့ကြတယ်လို့ ပြောပါတယ်။

ထိုင်း-မြန်မာ ၂ နိုင်ငံ သဘောတူ အလုပ်သမားငှားရမ်းခန့်ထားရေး စာချွန်လွှာအရ မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို အလုပ်သမား တိုက်ရိုက်တင်သွင်းတာ  ၂၀၀၉  ခုနှစ်က စတင်ခဲ့ပြီး ခုချိန်ထိ အမ်အိုယူအစီအစဉ်နဲ့ ရောက်လာတဲ့ အလုပ်သမား ၁ သိန်းကျော်ရှိတယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းရှိပြီး ၁.၂ သန်းက တရားဝင် အလုပ်လုပ်နေတာဖြစ်ပြီး ၃ သိန်းလောက်က နိုင်ငံသား စိစစ်တာ မလုပ်ဆောင်ရသေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013