လေဖိအားနည်းရပ်ဝန်း ပိုအားကောင်းလာ၊ ၇၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်နိုင်
DVB
·
May 2, 2020
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး နောက် ၇၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးဇလက ဒီနေ့မွန်းလွဲ ၂ နာရီမှာ ထုတ်ပြန်ထားပါတယ်။
မေ ၃ ရက်နေ့ မနက်အထိ ခန့်မှန်းချက်အရ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့မှာ နေရာကျဲကျဲ၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအသင့်အတင့်ရှိနိုင်ပြီး လှိုင်းအမြင့် ၆ ပေမှ ၈ ပေခန့် ရှိနိုင်ပါတယ်။
နေပြည်တော်၊ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့နဲ့အနီးတဝိုက်တို့မှာလည်း နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
နောက် ၂ ရက်အတွင်းမှာလည်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးဆက်လက်ထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။