ဧရာဝတီတိုင်းတွင် ညမထွက်ရအမိန့် ချိုးဖောက်သဖြင့် ထောင်ဒဏ်ချမှတ်ခံရသူ ၂ဝဝ ကျော်ရှိ
DVB
·
May 2, 2020

COVID-19 ရောဂါဖြစ်ပွားနေတဲ့ အချိန်ကာလအတွင်း ဧရာဝတီတိုင်းမှာ ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် အမိန့်မလိုက်နာသူ ၂၀၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။
ဧရာဝတီတိုင်းက မြို့နယ် ၂၆ မြို့နယ်မှာ ညမထွက်ရအမိန့်တွေကို မြို့နယ်အုပ်ချုပ်ရေးတွေက ဧပြီ ၁၈ ရက်နေ့က စတင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဧပြီ ၂၉ ရက်နေ့အထိ အမိန့်မလိုက်နာသူ ၂၁၂ ဦးကို မြို့နယ်တရားရုံးတွေက ထောင်ဒဏ် ၁ လနဲ့ ၂ လ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာလို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။
"ဧရာဝတီတိုင်းဒေသကြီးမှာ ဧပြီလ ၁၈ ရက်ကနေ ၂၉ ရက်နေ့အထိ ညမထွက်ရအမိန့် ချိုးဖောက်သူ ၂၁၂ ဦး ရှိခဲ့ပါတယ်။ သူတို့ကို သက်ဆိုင်ရာမြို့နယ်တရားရုံးများက ပုဒ်မ ၁၈၈ အရ ထောင်ဒဏ်တွေ အပြစ်ပေးချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။”
ထောင်ဒဏ်အပြစ်ပေးခံရသူတွေထဲမှာ ပုသိမ်မြို့နယ်က ၅၉ ဦးနဲ့ ဟင်္သာတမြို့နယ်က လူပေါင်း ၄၅ ဦးပါဝင်က အများဆုံးဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးရဲ့စာရင်းတွေအရ သိရပါတယ်။
ခရိုင်အလိုက်စာရင်းတွေမှာတော့ ပုသိမ်ခရိုင်က လူပေါင်း ၈၄ ဦး၊ ဟင်္သာတခရိုင်မှ ၄၈ ဦး၊ ဖျာပုံခရိုင်မှ ၂၈ ဦး၊ မြောင်းမြခရိုင်မှ ၂၂ ဦး၊ လပွတ္တာခရိုင်မှ ၂၀ ဦးနဲ့ မအူပင်ခရိုင်မှ ၁၀ ဦး စုစုပေါင်း ၂၁၂ ဦးဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အမိန့်ချိုးဖောက်သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက တရားလိုပြုလုပ်ကာ ပုဒ်မ ၁၈၈ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး မြို့နယ်တရားသူကြီးများက ထောင်ဒဏ်တွေ ချမှတ်ခဲ့တာလို့ သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)