ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းမြန်မာလုပ်သမားများ မြဝတီနယ်စပ်ဂိတ်မှ ပြန်စတင်ဝင်ရောက်
DVB
·
May 1, 2020
ထိုင်းနိုင်ငံမှာရောက်နေတဲ့ ရွေ့ပြောင်းမြန်မာလုပ်သားတွေ ဒီကနေ့ မေလ ၁ ရက် မနက်ပိုင်းက စပြီး မဲဆောက်မြို့ကနေတဆင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်ကိုဖြတ်ပြီး မြဝတီမြို့ကို တရားဝင် ပြန်လည်ဝင်ရောက်လာနေပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ ပြန်ဝင်လာသူတွေကို သက်ဆိုင်ရာဌာနတွေက ကျန်းမာရေးစစ်ဆေးတာ နေရပ်လိပ်စာနဲ့ ဆက်သွယ်ရမယ့် ဖုန်း နံပါတ်တွေ မှတ်တမ်းပြုစုတာတွေ ဆောင်ရွက်ခဲ့ပါတယ်။
ဒီနေ့ ပြန်ဝင်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ ထိုင်းနိုင်ငံ တပ်ခ်ခရိုင် မဲဆောက်မြို့ တဝိုက်က အလုပ်သမားတွေက အများစုဖြစ်ပါတယ်။
ဘန်ကောက်ရောက်ရွှေ့ပြောင်းအလုပ်သမားအနေနဲ့ ဘန်ကောက်မှ တဆင့် မဲဆောက်ကို ပြန်လဖို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်ရရှိဖို့ လိုအပ်တာကြောင့် ပြန်လာရေးအခက်ခဲရှိနေကြပါတယ်။
ထိုင်းဘက်ကနေ ပြန်ဝင်ရောက်လာတဲ့အခါမှာ မြဝတီနယ်စပ်ဂိတ် တခုတည်းကသာ ဝင်ရောက်ရမှာဖြစ်ပြီး မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘုရားသုံးဆူ နယ်စပ် ဂိတ်ကနေမ မဝင်ရောက်ဖို့ တားမြစ်ထားပါတယ်။
ဘုရားသုံးဆူကနေ ဝင်လာတဲ့သူတွေကို အရေးယူမယ်လို့ မွန်ပြည်သစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နိုင်အောင်မငေးက ပြောပါတယ်။
မွန်ပြည်သစ် ထိန်းချုပ်နယ် မြေထဲမှာ COVID-19 ရောဂါ စောင့်ကြည့်ရေး အတွက် လူ ၃၀ လောက်ဆန့်တဲ့ နေရာ ၁၂ ခု ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။
နယ်စပ်ကနေ နောက်ထပ်ဝင်လာမယ့်သူတွေကို ၂၁ ရက်ကြာ ထိန်းချုပ်ကန့်သတ်စောင့်ကြည့် Quarantine လုပ်ဖို့ အစိုးရအနေနဲ့ နေရာထိုင်ခင်းတွေ ထပ်ပြီး တိုးချဲ့ စီစဉ်ဆောင်ရွက်နေတာကြောင့် ဧပြီ ၁၅ ရက် နောက်ပိုင်းမှာ ပြန်ဝင်ကြဖို့ မူလက ပန်ကြားခဲ့ပါတယ်။
ဒီနောက် ထိုင်းနိုင်ငံရဲ့ အရေးပေါ်အခြေအနေ ကြေညာချက်နဲ့ ကိုက်ညီအောင် ဧပြီ ၃၀ ရက်နေ့အထိ စောင့်ဆိုင်းဖို့ ထပ်မံပန်ကြားခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ထိုင်းနိုင်ငံကနေ ပြန်လာမယ့် မြန်မာအလုပ်သမားတွေ သောင်းဂဏန်းကနေ သိန်းနဲ့ချီရှိနိုင်တယ်လို့ ခန့်မှန်း ပြောကြားထားပါတယ်။