ချောက်မြို့ မြို့ဦးစေတီ အလှူခံပုံးဖောက် လူသတ်မှု ကျူးလွန်သူကို ဖမ်းမိ
DVB
·
May 1, 2020
ချောက်မြို့၊ မြို့ဦးစေတီမှာ အလှူခံပုံးဖောက်ပြီး ဘုရားဝေရာဝစ္စ လုပ်ကိုင်နေထိုင်သူ အသတ်ခံရမှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကို မနေ့က ဖမ်းဆီးမိပြီလို့ ချောက်မြို့မ ရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ချောက်မြို့အမှတ် ၁၀ ရပ်ကွက် အေးစေတီရပ်ရှိ မီးရထားဘူတာအနီး အရဟံ မြို့ဦးစေတီ လေမျက်နှာဘုရားမှာ အလှူခံပုံးအဖောက်ခံခဲ့ရပြီး ဘုရားဝေရာဝစ္စ ဘုရားဝေရာဝစ္စ လုပ်ကိုင်နေတဲ့ အသက် ၅၇ အရွယ် ဦးမြင့်ကိုကို ဦးခေါင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းက တွေ့ရှိခဲ့တာပါ။
“အခင်းဖြစ်နေရာမှာ တွေ့ရတဲ့ သဲလွန်စတွေအရ စုံစမ်းလိုက်ချိန်မှာ သင်္ကြန်မတိုင်ခင်က မြို့ပေါ်ဘုန်းတော်ကြီး ကျောင်းမှာ ရဟန်းဝတ်သွားတယ်။ အဲဒီနောက် သူနဲ့ပတ်သက်တဲ့ အချက်အလက် ဓာတ်ပုံတို့ကို ချောက်မြို့နယ် အနီးတဝိုက်က ရဲစခန်းတွေကို ပေးပို့ထားတာ။ ဖြစ်ခြင်တော့ ဒီလူက မူးလည်းမူးတတ်တော့ မနေ့က စလင်းစခန်းမှာ အမျိုးသမီးတယောက်နဲ့ စကားများပြီး ရောက်လာတော့ ပေးပို့ထားတဲ့ ဓာတ်ပုံနဲ့ ကိုက်ညီနေတော့ စစ်ဆေးလိုပ်ချိန်မှာ ဖြစ်စဉ်အကုန် ပြောပြဝန်ခံလာတာ” လို့ ချောက်မြို့မ ရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။
တရားစွဲဆိုခံရသူ မျိုးလွင် အသက် (၃၉) နှစ်က ပြည်မြို့ဇာတိဖြစ်ပြီး သက်သေခံပစ္စည်း အပြည့်အစုံ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။
မျိုးလွင်အား ချောက်မြို့မရဲစခန်းမှာ လူသတ်မှု ရာဇသတ်ကြီးပုဒ်မနဲ့ အရေးယူထားကာ ဥပဒေအကြံပြုချက်အတိုင်း ပုဒ်မပြောင်းလဲမှာဖြစ်ပြီး လူသတ်မှုပုဒ်မထက်လည်း ပိုလာနိုင်တယ်လို့ ချောက်မြို့မ ရဲစခန်းတာဝန်ရှိသူက ဆိုပါတယ်။
ကိုလင်း(ချောက်)