DVB Logo
Home
မြန်မာသတင်း
သမ္မတ ဖြစ်ချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
April 18, 2013
သမ္မတ ဖြစ်ချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော
Donate to DVB

ကိုယ်ယုံကြည်တဲ့ မူဝါဒတွေကို ပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ သမ္မတ ဖြစ်ချင်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဧပြီ ၁၇ ရက်နေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားလိုက်တာပါ။

“ကျမပြောတယ်။ ကျမ သမ္မတဖြစ်ချင်တယ်ဆိုတာ လူတွေက စိတ်ဝင်စားနေကြပါတယ်။ ပြီးတော့ သမ္မတ မဖြစ်ချင်တဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေလည်း တွေ့ချင်ပါတယ်။ သူတို့ကိုယ် သူတို့ နိုင်ငံရေးပါတီ ခေါင်းဆောင်ဖြစ်အောင် လုပ်ပြီးတော့ သမ္မတ မဖြစ်ချင်ဘူးဆိုတာ ဘာကြောင့်လဲတော့ နားမလည်ပါဘူး။ ကျမက အခုလို ပွင့်ပွင့်လင်းလင်းပြောတာကို သတင်းထောက်တွေ တော်တော်များများက အံ့ဩကြပါတယ်။ ဟုတ်တယ်လေ။ ကိုယ် ယုံကြည်တဲ့ မူဝါဒတွေကို ပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် သမ္မတ ဖြစ်ချင်တယ်။”

ဒါ့ပြင် မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သူကို  သမ္မတ မဖြစ်နိုင်အောင် တားဆီးထားတဲ့ အချက်တွေ ထည့်သွင်းထားကြောင်း၊ ဘယ်နိုင်ငံက အခြေခံဥပဒေဖြစ်ဖြစ် လူတယောက်ကို နေရာတခုကနေ ဖယ်ထုတ်ဖို့ ဒါမှမဟုတ် ဆက်လက်ထားရှိဖို့ ရေးဆွဲမထားသင့်ကြောင်း တိုင်းပြည်တပြည်ရဲ့ အခြေခံဥပဒေကို အဲလိုမရေးဆွဲသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတအရည်အချင်း သတ်မှတ်ချက်မှာ စစ်ရေး အတွေ့အကြုံရှိသူ ဖြစ်ရမယ်၊ နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုထားသူ၊ နိုင်ငံခြားသား ခံယူထားတဲ့ သားသမီးရှိသူတွေ မဖြစ်ရဘူးလို့ ကန့်သတ်ထားတာပါ။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးလည်း “မြန်မာနိုင်ငံမှာ ပဋိက္ခတွေအပေါ် တွေ့ဆုံဆွေးနွေး  အဖြေရှာတဲ့နည်းလမ်းတွေ အားနည်းပြီး အကြမ်းဖက်လုပ်ဆောင်တာဟာ စိတ်မကောင်း ဖြစ်မိပါတယ်။ တယောက်အပေါ် တယောက် အကြမ်းဖက်လုပ်ရပ်မျိုးကိုလည်း ကန့်ကွက်တယ်။ ခရစ်ယာန်က ကျူးလွန်တာဖြစ်စေ၊ ဗုဒ္ဓဘာသာဝင်က ကျုးလွန်တာဖြစ်စေ၊ မွတ်စလင်က ကျူးလွန်တာဖြစ်စေ ဘယ်အကြမ်းဖက် ကိစ္စတွေမဆို လုံးလုံး ကန့်ကွက်တယ်။ အမြဲတမ်းပဲ အကြမ်းဖက်မှုကို ဆန့်ကျင်တယ်” လို့ တိုကျိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တနင်္သာရီတိုင်း ကျွန်းစုမြို့ လူထုကို မိန့်ခွန်းပြောကြားရာမှာလည်း ပြည်သူလူထုအတွက် အလုပ်လုပ်နိုင်ဖို့ သမ္မတ လုပ်ချင်ကြောင်း၊ အလုပ်လုပ်ပေးနိုင်ဖို့အတွက် နိုင်ငံရေးအာဏာ ရဖို့လိုကြောင်း၊ နိုင်ငံရေး အာဏာလိုချင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့ကတည်းက ဂျပန်နိုင်ငံကို ရောက်ရှိခဲ့တာ ဖြစ်ပြီး ၂၈ နှစ်အတွင်း ပထမဆုံးအကြိမ် သွားရောက်ခဲ့တာပါ။ သူရဲ့ ဂျပန်ခရီးစဉ်အတွင်းမှာ ဂျပန်အိမ်ရှေ့မင်းသားနဲ့ တွေ့ဆုံခဲ့ပြီး ၀န်ကြီးချုပ် ရှင်ဇိုအဘေးနဲ့လည်း သီးခြား တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013