DVB Logo
Home
မြန်မာသတင်း
မဒေးကျွန်းဒေသခံများ တရုတ်ကုမ္ပဏီကို ဆန္ဒပြ
DVB
·
April 18, 2013
Donate to DVB

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထဲ လက်ရှိဆောင်ရွက်နေတဲ့ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းဟာ လူနေမှုဘ၀နဲ့ အကျိုးစီးပွားကို ထိခိုက်နေတဲ့အတွက်  မဒေးကျွန်းဒေသခံတွေ ရာနဲ့ချီပြီး သက်ဆိုင်ရာ တရုတ်ကုမ္ပဏီကို ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

စီအန်ပီစီကုမ္ပဏီကို ကန့်ကွက်ကြောင်း ကြက်ခြေခတ်အမှတ်ပါ အဖြူရောင်တီရှပ် ဆင်တူဝတ်ထားတဲ့ လူပေါင်း ၄၀၀ ကျော်က စီအန်ပီစီ တရုတ်ကုမ္ပဏီ တည်ရှိရာဆိပ်ကမ်းကို  ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။

သူတို့အနေနဲ့ တရားဝင်ဆန္ဒပြခွင့်ရဖို့အတွက် ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ရုံး စသဖြင့် အဆင့်ဆင့် တင်ပြပေမယ့် ခွင့်ပြုချက်မရခဲ့သလို ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ ခေါ်ယူတားမြစ်တာ ခံခဲ့ရပါတယ်။

ဒါပေမယ့် အုပ်ချုပ်ရေးမှူးတွေက အဆင်ပြေအောင် ညှိနှိုင်းပေးမယ်ပြောပြီး လက်တွေ့မှာ ဖြစ်မလာတဲ့အတွက် အခုလို တားမြစ်မှုတွေကြားက ဆန္ဒပြရတာလို့ ရခိုင်လူမှုကွန်ရက်အဖွဲ့ ပြောခွင့်ရ ဦးထွန်းလွင်က ပြောပါတယ်။

“အဲဒီ ၉ ချက်ထဲမှာ သူတို့တွေဖြည့်ဆည်းပေးမယ်ပြောတဲ့အချက်တွေပါတယ်။ ဘယ်တုန်းကမှလည်း ဖြည့်ဆည်းမပေးပါဘူး။ နားချတာပဲရှိတယ်။ ၁၁ ရက်နေ့က ကျနော်သွားတော့ မြို့နယ်ဥက္ကဋ္ဌ ကျော်သူစိုးက လခတောင်းတာတွေကို တရုတ်တွေသိအောင် ဆောင်ရွက်ပေးနိုင်တယ်လို့ ပြောတယ်။ ဒါပေမယ့် အဲလိုပဲပြောနေတာပဲရှိတယ်။ ဘာတခုမှဖြစ်လာတာ မရှိဘူး။ ရေ၀ယ်ပေးတာ တခုပဲရှိတယ်။ တခြား အရေးကြီးတဲ့ အချက်တွေ ဘာမှ လုပ်ပေးတာမရှိဘူး။”

ရွာသားတွေရဲ့ နစ်နာချက်တွေနဲ့ ပတ်သက်ပြီး တရုတ်ကုမ္ပဏီကို တောင်းဆိုထားတဲ့ အချက် ၉ ချက်ရှိကြောင်း၊ အသိမ်းခံရတဲ့ မြေတွေကို နိုင်ငံတကာ စံနှုန်းအတိုင်း ပေးလျော်ဖို့၊ စီမံကိန်းကြောင့် ပျက်စီးသွားတဲ့  ကျောက်တန်း၊ ပြိန်၊ ရွာမနဲ့ ပန်းတိမ်ဆည် ဆက်သွယ်ရေးလမ်းကို ပြန်ပြင်ပေးဖို့၊ ဒေသခံတွေကို အလုပ်ခန့်ပြီး လုပ်အားခကို နိုင်ငံတကာ စံနှုန်းအတိုင်းပေးဖို့၊ မဒေးကျွန်းမှာ လျှပ်စစ်မီးရရေး၊ ကျွန်းပတ်လည်မှာ ငါးဖမ်းခွင့်ရရေးနဲ့ ကျွန်းပေါ်မှာရှိတဲ့   မြေလွတ်မြေရိုင်းတွေကို ဒေသခံကို အသိမပေးဘဲ သိမ်းယူလုပ်ကိုင်တာတွေ မလုပ်ဖို့ စတဲ့ အချက်တွေ ပါဝင်တယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

ဒီနေ့ ဆန္ဒပြမှုမှာ ကျွန်းသူကျွန်းသားတွေနဲ့အတူ ကျောက်ဖြူလူမှုကွန်ရက်အဖွဲ့၊ မဒေးကျွန်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ စတဲ့ လူမှုအဖွဲ့အစည်းတွေပါ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

မဒေးကျွန်းပေါ်မှာ  ရွာမ၊ ပန်းတိမ်ဆည်၊ ကျောက်တန်းနဲ့ ပြိန် ဆိုတဲ့ ရွာ ၄ ရွာရှိပြီး စုစုပေါင်း အိမ်ခြေ ၅၀၀ လောက်ရှိတယ်။

စီမံကိန်းမလုပ်ခင်က ရွာသားတွေဟာ ဥယျာဉ်ခြံမြေလုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်းတွေ လုပ်ကိုင်ကြပြီး  ကုမ္ပဏီ ရောက်လာပြီးတဲ့နောက်ပိုင်း ဥယျာဉ်ခြံမြေတွေ ဆုံးရှုံးခဲ့သလို တနိုင်တပိုင် ငါးဖမ်းဧရိယာတွေ ကန့်သတ်ခံရတဲ့အတွက် ကျွန်းသူကျွန်းသားတွေ အလုပ်အကိုင်အဆင်မပြေတော့ဘဲ စားဝတ်နေရေးပါ ကျပ်တည်းလာတယ်လို့ မဒေးကျွန်းဇာတိ ဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။

စီအန်ပီစီ ကုမ္ပဏီဟာ မဒေးကျွန်းပေါ်မှာ ရေနံစိမ်းတင် ဆိပ်ကမ်းတခုနဲ့ ရေနံသိုလှောင်ဖို့ အင်မတန်ကြီးမားတဲ့ ကန်ကြီး ၁၂ ခုကို တည်ဆောက်နေတယ်လို့ ဦးထွန်းကြည်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013