Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ဧပြီလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူဦးရေ ၈၀၀ ခန့် လေဘေးသင့်
DVB
·
April 30, 2020
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တွေမှာ ဧပြီလအတွင်း လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူဦးရေ ၈၀၀ နီးပါး လေဘေးသင့်ခဲ့တယ်လို့ တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။ ဧပြီလအတွင်း လေပြင်းတိုက်ခတ်မှု ၁၄ ကြိမ်ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၁၉၅ အိမ်နဲ့ ဘာသာရေးကျောင်း ၂ ကျောင်းပြိုကျပျက်စီးခဲ့ကာ လူဦးရေ ၇၅၄ ဦး လေဘေးသင့်ခဲ့တယ်လို့ တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက တိုင်းဦးစီးမှူး ဦးသန်းစိုးက ဒီဗွီဘီကိုပြောပါတယ်။ “တိုင်းအတွင်းက ခရိုင် ၅ ခရိုင်မှာဖြစ်ခဲ့တယ်။ မဖြစ်တာဆိုလို့ မြောင်းမြခရိုင်ပဲရှိတယ်။ လေဘေးသင့်ခဲ့တဲ့ နေအိမ်တွေကို ဦးစီးဌာနက သတ်မှတ်ထားတဲ့အတိုင်း ထောက်ပံ့တာတွေ ပြုလုပ်ပေးထားပါတယ်။ လေဘေးသင့်တဲ့ လူဦးရေအလိုက် ဆန်နဲ့ အခြားရိက္ခာတွေ ထောက်ပံ့ ပေးတာတွေလည်းရှိပါတယ်”လို့ ပြောပါတယ်။ မိုးရာသီရောက်လာပြီဖြစ်တာမို့ လေပြင်းမုန်တိုင်းတွေ သဘာဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းတွေဆောင်ရွက်ပြင်ဆင်နေတာရှိသလို လေဘေးသင့်တဲ့ အရပ်ဒေသက ပြည်သူတွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက်လည်း ဝန်ကြီးဌာနအနေနဲ့ တိုင်းဦးစီးမှူးရုံးက ကျပ် သိန်း ၅၀၀ နဲ့ ခရိုင်ရုံးတွေကို ကျပ် သိန်း ၃၀၀ အသုံးစရိတ်အနေနဲ့ ချပေးတာတွေရှိတယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်းမှာ ဧပြီလအတွင်း ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ ဖျာပုံ၊ လပွတ္တာ စတဲ့ ခရိုင်တွေမှာ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ် ၃၉ လုံးပြိုကျပျက်စီးခဲ့တာတွေရှိသလို လူနေအိမ် ၁၅၆ လုံးမှာ အမိုးလန်ပျက်စီးပြီး လူဦးရေ ၇၅၄ ဦး လေဘေးသင့်ခဲ့လို့ သက်ဆိုင်ရာ ခရိုင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနရုံးတွေကနေ ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။ လေဘေးသင့်တဲ့ပြည်သူတွေအတွက် နေအိမ် အမိုးလန်ပျက်စီးတာနဲ့ ပြိုကျတဲ့ နေအိမ်တွေ ကို ခွဲခြားပြီး ထောက်ပံ့ပေးတာမျိုးတွေရှိပြီး အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ သွပ်မိုး ထရံကာ ပျဉ်ခင်း နေအိမ်မျိုးကို ကျပ် ၂ သိန်းထောက်ပံ့ပြီး ဓနိမိုး ထရံကာ နေအိမ်မျိုးကို ကျပ် ၁ သိန်း နှုန်းနဲ့ ထောက်ပံ့ပေးနေတာပါ။ ဧရာဝတီတိုင်းအတွင်း လေဘေးသင့်တဲ့ပြည်သူတွေကို ဆန်နဲ့ အိမ်ဆောက်ပစ္စည်း ကယ်ဆယ် ရေးပစ္စည်းတွေထောက်ပံ့ပေးနေသလို သဘာဘေးဖြစ်တဲ့ မိုးကြိုးပစ်ခံရမှုကြောင့် လူ သေဆုံး ထိခိုက်ဒဏ်ရာရရှိတာမျိုးတွေကိုလည် ထောက်ပံ့ပေးတာရှိပါတယ်။ တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေး ဦးစီးဌာနက တိုင်းဦးစီးမှူး ဦးသန်းစိုးက “ဒီလထဲမှာပဲ မိုးကြိုးပစ်ခံရလို့ အသက်ဆုံးရှုံးခဲ့တယ်။ ကျနော်တို့ ဌာနကနေ မိုးကြိုးပစ်ခံရမှုကြောင့် အသက်သေဆုံးရင် ကျပ် သုံးသိန်းထောက်ပံ့ပေးပြီး ထိခိုက်ဒဏ်ရာရခဲ့ရင်တော့ ကျပ် ငါးသောင်း ထောက်ပံ့ပေးပါတယ်” လို့ ပြောပါတယ်။ ဧရာဝတီတိုင်းက ခရိုင် ၆ ခရိုင်အနက် ခရိုင် ၅ ခရိုင်ရှိ မြို့နယ် ၁၁ မြို့နယ်ထဲက ကျေးရွာတွေမှာ ဧပြီလ ၁၇ ရက်မှ ၂၈ ရက်နေ့အထိ လေပြင်းတိုက်ခတ်မှု ၁၄ ကြိမ်အထိရှိခဲ့ပြီး လူနေအိမ် ၁၉၅ လုံးအမိုးလန်တာတွေနဲ့ ပြိုကျပျက်စီးတာတွေရှိခဲ့လို့ လူဦးရေ ၇၅၄ ဦး လေဘေးသင့်ခဲ့တာပါ။ မြစ်ဝကျွန်းပေါ်ကမ်းရိုးတမ်းဒေသဖြစ်တဲ့ ဧရာဝတီတိုင်းမှာ ၂၀၀၈ ခုနှစ် မေလ ၃ ရက်နေ့က နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် လူဦးရေ သိန်းနဲ့ချီသေဆုံးခဲ့ပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024