မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ အီးယူက ရုပ်သိမ်းပေးဖွယ်ရှိ

မြန်မာနိုင်ငံပေါ်မှာ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဥရောပသမဂ္ဂ (အီးယူ) က လာမယ့်အပတ်အတွင်း ရုပ်သိမ်းပေးဖွယ် ရှိပါတယ်။ တိုင်းပြည်အတွင်းက ပြုပြင်ပြောင်းလဲမှုတွေကြောင့် လက်နက်ရောင်းချ တားမြစ်တာက လွဲလို့ ကျန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖွယ် ရှိတယ်လို့ ရိုက်တာသတင်းတရပ်မှာ ဖော်ပြထားပါတယ်။ အီးယူက မြန်မာနဲ့ ဆက်ဆံရေးစာမျက်နှာသစ်ကို ဖွင့်လှစ်ပြီးတော့ ခိုင်မြဲတဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကို တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ဆောင်လိုက်ရင်တော့ ဥရောပကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခွင့်တွေ ရရှိတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း လွှတ်ပေးဖို့ အီးယူက တောင်းဆိုထားပါတယ်။ ဘာသာရေးအဓိကရုဏ်းတွေကိုလည်း ဖြေရှင်းပေးပြီးတော့ ရခိုင်ပြည်နယ်က ရွှေ့ပြောင်းဒုက္ခသည်တွေကိုလည်း လူသားချင်းစာနာမှု အကူအညီတွေ ရရှိအောင် အလျင်အမြန် ဆောင်ရွက်ဖို့ အစိုးရကို တောင်းဆိုထားပါတယ်။ အီးယူက မြန်မာကုမ္ပဏီ ၁၀၀၀ နီးပါးရဲ့ ပိုင်ဆိုင်မှုတွေကို ရပ်တန့်ခဲ့ပြီးတော့ လူ ၅၀၀ ကိုလည်း အီးယူနိုင်ငံတွေကို ၀င်ရောက်သွားလာခွင့် ပိတ်ပင်ထားတာပါ။ ဒါ့အပြင် စစ်တပ် နည်းပညာဆိုင်ရာ အကူအညီနဲ့ သတ္တု၊ သစ်ထုတ်လုပ်ငန်းနဲ့ အဖိုးတန် သယံဇာတ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာကိုလည်း တားမြစ်ခဲ့ပါတယ်။ အရင်နှစ်တုန်းက အီးယူက မြန်မာပြည်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ ရုပ်သိမ်းပေးလိုက်တာ ဖြစ်ပါတယ်။ မြန်မာရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အမေရိကန်နဲ့ တခြားအနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့တာတွေကို လျော့ချပေးခဲ့ပါတယ်။ ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေကြောင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့သလို စီးပွားရေးသမားတွေကလည်း ရင်းနှီးမြှုပ်နှံဖို့ မြန်မာနိုင်ငံကို လာရောက်နေပါတယ်။

//
More News
Up