DVB Logo
Home
မြန်မာသတင်း
ရှမ်းတပ်နဲ့အစိုးရ ပစ်ခတ်မှုဖြစ်၊ ရွာသား ၂ ဦးထိမှန်
DVB
·
April 18, 2013
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်ထဲမှာ အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ကြား  ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပြီး ရွာသား ၁ ဦး နဲ့ ကလေးငယ်တဦး ထိမှန်ခဲ့ပါတယ်။

ဧပြီ ၁၅ ရက်နေ့ မွန်းလွဲပိုင်းမှာ လွယ်စေးရွာထဲကို လက်နက်ကြီးကျတာကြောင့် အသက် ၁၇ နှစ်ရွယ် အားလူနဲ့ ၁ နှစ်ခွဲရွယ် ကလေးငယ် အားဝေချင်တို့ဟာ ဒဏ်ရာတွေနဲ့ ညနေ ၃ နာရီလောက် တန့်ယန်းဆေးရုံကို ရောက်လာတယ်လို့ တန့်ယန်းဒေသခံတဦးက ပြောပါတယ်။

မနေ့တနေ့ ဖြစ်ပွားတဲ့ ပစ်ခတ်မှုမှာ ရွာသားတွေ ထိမှန်ကြောင်း ကြားပေမယ့် အချက်အလက် အတိအကျမရသေးဘူးလို့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းရဲ့ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

“၁၅ ရက်နေ့ ၉ နာရီအချိန် ၁ ကြိမ်နဲ့ ညနေပိုင်းမှာ ၁ ကြိမ်ဖြစ်တယ်။ ၁၆ ရက်နေ့မှာလည်း ဖြစ်တယ်။ ပြည်နယ် နယ်ခံတပ် ၂၉၁ နဲ့ ခလရ ၃၃ ပါ။ ကျနော်တို့က တပ်မဟာ ၃၆ က လက်အောက်ခံတပ်ရင်းတွေနဲ့ ဖြစ်တာ။ ကျနော်တို့ရှိတဲ့ တောတောင်ထဲ သူတို့က ၀င်ရှင်းတော့ ဘယ်လိုပဲဖြစ်ဖြစ် ပစ်ခတ်မှုဖြစ်မှာပဲလေ။ ကျနော်တို့ဆီလာရင်တော့ မတတ်သာပဲ ခုခံရမှာပဲလေ။”

အစိုးရတပ်ဘက်က နယ်မြေရှင်းလင်းရေးလုပ်ဖို့အတွက် လွိုင်လန်းနဲ့ လွိုင်စေးဒေသမှာရှိတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ကို နောက်ဆုတ်ပေးဖို့ စစ်ဦးစီးမှူး ပထမတန်း ဗိုလ်မှူးကြီး ၀င်းသိန်းက ဖေဖော်ဝါရီ ၂၁ ရက်နေ့ကတည်းက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီနေရာမှာ ရှမ်းပြည်တပ်မတော်က လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်က စစ်အစိုးရနဲ့ ပထမအကြိမ် ငြိမ်းချမ်းရေးသဘောတူချက်အရ နေထိုင်လာတာဖြစ်ပြီး ဦးသိန်းစိန်အစိုးရနဲ့ အပစ်ခတ်ရပ်တော့လည်း အဲဒီဒေသမှာ ဖွံ့ဖြိုးရေးလုပ်ဖို့ သဘောတူခဲ့တယ်လို့ ပြောပါတယ်။

ဒါကြောင့် ရှမ်းပြည်တပ်မတော်ဘက်က ဆုတ်မပေးနိုင်ဘဲ အစိုးရတပ်ကလည်း နယ်မြေစိုးမိုးရေးအတွက် ၀င်ရောက်လာရာက ထိတွေ့ပစ်ခတ်မှုတွေ အကြိမ်ကြိမ် ဖြစ်ပွားနေတာ လို့ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေတဲ့ ရွာသား ၁၀၀၀ ကျော် အေးအေးချမ်းချမ်း ပြန်နေနိုင်ဖို့အတွက် အစိုးရတပ်တွေ ပြန်ဆုတ်ပေးဖို့ ရှမ်းပြည်တပ်မတော်က အစိုးရ၀န်ကြီး ဦးခင်မောင်စိုးတို့နဲ့ ဧပြီ ၃ ရက် လားရှိုးမှာ တွေ့တုန်းက တောင်းဆိုခဲ့ပေမယ့် အကြောင်းမပြန်ဘူးလို့ ပြောပါတယ်။
တန့်ယန်းမြို့ပေါ် အောင်မင်္ဂလာ ကျောင်းတိုက်မှာ စစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော်ရှိပြီး ဒီရက်ပိုင်းအတွင်း နောက်ထပ် ၂၀ ကျော် ထပ်ရောက်လာကြောင်း၊ ကျန်းမာရေးကို တန့်ယန်းဆေးရုံက လာစစ်ပေးပြီး အလှူရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ စားနပ်ရိက္ခာတော့  နောက် ၂ ပတ်အထိ လုံလောက်တယ်လို့ အောင်မင်္ဂလာကျောင်းတိုက်ရဲ့ ဂေါပကအဖွဲ့ဝင်တဦးက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013