၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်း ကျင်းပနိုင်ဖွယ်ရှိဟု ကော်မရှင်အဖွဲ့ဝင် ပြော
ရန်နိုင်ဇော်ဝင်း
·
April 29, 2020
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမယ့်နိုဝင်ဘာလထဲမှာ ကျင်းပနိုင်ဖွယ်ရှိတယ်လို့ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ခန့်မှန်းပြောပါတယ်။
မြန်မာ့အသံက မေးမြန်းတဲ့ ရွေးကောက်ပွဲဘယ်တော့ ကျင်းပမလဲဆိုတာနဲ့ ပတ်သက်တဲ့ ဆွေးနွေးခန်းမှာဖြေဆိုထားတာပါ။
ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၅ ခုနှစ်တွေမှာကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲတွေ အတိုင်း လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကိုလည်း နိုဝင်ဘာ ၈ ရက် ဒါမှမဟုတ် ၇ ရက်နေ့မှာ ကျင်းပနိုင်ဖွယ်ရှိတယ်လို့ဆိုပါတယ်။
လွှတ်တော်သက်တမ်း ၅ နှစ်ပြည့်ရင် အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားတဲ့အတိုင်း ပုံမှန်အတိုင်းဆိုရင် နိုဝင်ဘာလ လောက်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖွယ်ရှိနေတာပါ။
၂၀၂၀ အထွေအထွေရွေးကောက်ပွဲရက်ကိုတော့ အရင် ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ကြေညာခဲ့တဲ့ပုံစံအတိုင်း ရွေးကောက်ပွဲ ရက်မတိုင်ခင် နှစ်လအလို ဒါမှမဟုတ် လေးလအလိုမှာ ထုတ်ပြန်ကြေညာသွားမယ်လို့လည်း ဦးမြင့်နိုင်ကပြောပါတယ်။
အခုကာလဟာ COVID-19 ရောဂါဖြစ်ပွားနေတဲ့အတွက် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေနဲ့ ပြည်သူတွေအကြားမှာ ရွေးကောက်ပွဲမလုပ်ဖြစ်မှာ စိုးရိမ်သူတွေ ရှိနေသလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ကျင်းပမယ့်ရက်ကို တိတိကျကျ မကြေညာသေးတာကြောင့် ခန့်မှန်းတာတွေ အမျိုးမျိုးထွက်ပေါ်နေပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားတာ ဒီထက်ပိုမို ကျယ်ပြန့်လာမယ်ဆိုရင် လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ရွေ့ဆိုင်းရမယ့် အနေအထားမှာ ရှိတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်တာတွေလည်းရှိပါတယ်။