Homeမြန်မာသတင်း
တာချီလိတ်နယ်မြေအတွင်း သစ်ခိုးထုတ်မှုတားမြစ်စဉ် ပစ်ခတ်မှုဖြစ်ပွားပြီး ရွာသား ၁ ဦးသေဆုံး ဟု RCSS ပြော
တာချီလိတ်နယ်မြေအတွင်း သစ်ခိုးထုတ်မှုတားမြစ်စဉ် ပစ်ခတ်မှုဖြစ်ပွားပြီး ရွာသား ၁ ဦးသေဆုံး ဟု RCSS ပြော
DVB
·
April 28, 2020
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်မှာ သစ်ခိုးထုတ်သူတွေကို RCSS လှုပ်ရှားအဖွဲ့က ပြောဆိုဆုံးမနေချိန် ကျေးရွာသားတဦးက သေနတ်လုလို့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ( RCSS) လက်နက်ကိုင်တပ်ဖွဲ့ တာဝန်ရှိ တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုထဲက ရေပူစမ်းကျေးရွာမှာ RCSS တပ်ဖွဲ့က ဆပ်ကြေးကောက်ခံခဲ့တာရှိခဲ့သလို ဧပြီ ၂၇ ရက်နေ့မှာတော့ ချစ်ထူရွာအနီးသစ်ခုတ်တဲ့ ရွာသား တစ်ဦးကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
ဒီသတင်းနဲ့ပတ်သက်ပြီး RCSS ဗိုလ်မှူးကြီး အွန်း(မ)ခေး က “၂၅ ရက်နေ့မှာ ကျနော်တို့ တပ်ဖွဲ့တွေ ရိက္ခာလိုလို့ ရွာကို အကူအညီတောင်းတာပါ။ ဆပ်ကြေးကောက်တာ မဟုတ်ပါဘူး။ ၂၇ ရက်နေ့ကတော့ သစ်ခိုးထုတ်နေတာတွေ့လို့ တားမြစ်တာကို ရွာသားတဦးက သေနတ်ကိုပြန်လုလို့ ပြန်ပစ်လိုက်တာပါ။ ဒါနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာ (စရဖ)နဲ့ရော တပ်မတော်နဲ့ပါ ဆွေးနွေးပြီးပါပြီ”လို့ ပြောပါတယ်။
ဒေသခံ ကျေးရွာသားတွေကတော့ RCSS အဖွဲ့တွေ ရိက္ခာလိုက်တောင်းတဲ့ ဖြစ်စဉ်တွေက မတ်လလောက်ကတည်းက ရှိနေတာပါလို့ ပြောပါတယ်။
ဒေသခံတဦးက “ရွာတွေကို ဆပ်ကြေးသဘောမျိုး ဆန်အိတ် ၂၀၀၊ ၃၀၀ တောင်းတာတွေက အရင်ကတည်းက ရှိပါတယ်။ ကျနော်တို့က စီးပွားရေးအဆင်ပြေရင်တော့ ရှမ်းအဖွဲ့ကတောင်းတာ ပေးပါတယ်၊ သူတို့က အရင်တုန်းကတောင်းတာကတော့ ကြမ်းကြမ်းတမ်းတမ်းမရှိပါဘူး။ အခုလို လူသတ်မှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေလည်း မရှိပါဘူး။ အခုနောက်ပိုင်း လွယ်ကော်ဝမ်းက အုပ်စုလိုက် ဆင်းလာတာတွေ မကြာခဏတွေ့ရတယ် ရိက္ခာတောင်းပြီး ပြန်သွားကြတာပါပဲ။ အခုနောက်ပိုင်း စီးပွားရေးမကောင်းတော့ ရွာတွေက မပေးနိုင်ကြဘူး” လို့ပြောပါတယ်။
လွယ်တော်ခမ်းကျေးရွာအုပ်စုထဲမှာ RCSS ရဲ့ လေ့ကျင့်ရေးကျောင်း လွယ်ကော်ဝမ်း တည်ရှိနေတာဖြစ်ပြီး ရိက္ခာလိုအပ်ချက်အရ ဒေသတွင်း ကျေးရွာတွေကို လိုက်လံကောက်ခံတာ ရှိပါတယ်။
လွယ်တော်ခမ်းကျေးရွာအုပ်စုဟာ တစ်ဖက်ထိုင်းနိုင်ငံနဲ့ထိစပ်နေသလို UWSA “ဝ”တပ်ဖွဲ့ အပြင် RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ တပ်ဖွဲ့နဲ့ပါ ထိစပ်နေတာပါ။
သတင်း- ကိုဇက်