Homeမြန်မာသတင်း
မေလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ၂ ကြိမ်၊ မုန်တိုင်းငယ် ၁ ကြိမ်ဖြစ်နိုင်
မေလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ၂ ကြိမ်၊ မုန်တိုင်းငယ် ၁ ကြိမ်ဖြစ်နိုင်
DVB
·
April 28, 2020
၂၀၂၀ ပြည့်နှစ် လာမယ့် မေလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း ၂ ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ ၁ ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ဒီကနေ့မနက် သတင်းထုတ်ပြန်ပါတယ်။
အနောက်တောင်မုတ်သုံလေဟာ မေ ၁၆ ရက်ကနေ ၂၁ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို လည်းကောင်း မေ ၂၂ ရက်ကနေ ၂၇ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသတွေကို လည်းကောင်း၊ မေ ၂၈ ရက်မှ ဇွန် ၂ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို လည်းကောင်း အသီးသီး၀င်ရောက်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
မိုးရွာသွန်းမှုအခြေအနေကတော့ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် ရွာနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၁၅ ရက်မှ ၂၂ ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာတော့ ၇ ရက်မှ ၁၄ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဓာတ်ပုံ- U Chit Kyaw