Live
Home
ဆောင်းပါး
ကိုဗစ်ကာလမှသည် ရွေးကောက်ပွဲအား မျှော်ကြည့်ခြင်း
ပြည့်ဘုန်းအောင်
·
April 28, 2020
ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့က တောင်ကိုရီးယားနိုင်ငံက တကမ္ဘာလုံးကို အံ့သြစရာ တခုလုပ်ပြခဲ့တယ်။ နိုင်ငံအသီးသီးက အထိတ်တလန့်နဲ့ ကိုဗစ်ကပ်ရောဂါဆိုးကြီးကို ကြောက်ရွံ့နေတဲ့အချိန်မှာ တောင်ကိုရီးယားနိုင်ငံကတော့ အထွေထွေရွေးကောက်ပွဲကို မဲလာပေးသူ ၆၂ ရာခိုင်နှုန်းနဲ့ အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့တာကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးသီးကလည်း ချီးကျူးခဲ့ကြတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတောင် ကူးစက်မြန်ကပ်ရောဂါလို့ သတ်မှတ်ထားတဲ့ COVID -19 ရောဂါဟာ လက်ရှိမှာလည်း ကမ္ဘာ့နိုင်ငံအသီးသီးကို ကူးစက်ပြန့်ပွားနေပြီး လူဦးရေ သုံးသန်းကျော်ကို ကူးစက်ထားသလို လူနှစ်သိန်းကျော်ကိုလည်း သေဆုံးစေခဲ့ပါပြီ။ ဒီလိုအခြေအနေတွေကြောင့် ကမ္ဘာတဝန်းက နိုင်ငံတွေအနေနဲ့လည်း lockdown လုပ်ဆောင်တာတွေ၊ ကမ္ဘာကျော်ဘောလုံးပွဲတွေ ရပ်နားစေပြီး လူစုလူဝေးဖြစ်စေမယ့် အရာတွေကို ရပ်နားထားစေခဲ့ပါတယ်။  ဒါ့အပြင် ဒီကပ်ရောဂါကပ်ဆိုးကြီးကြောင့် အမေရိကန် အပါအဝင်  တခြားနိုင်ငံတချို့ကလည်း ရွေးကောက်ပွဲကို ရွှေ့ဆိုင်းထားရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ကျနော်တို့ ဒီဗွီဘီ သတင်းဌာနက တင်ဆက်နေတဲ့ ရွေးကောက်ပွဲအစီအစဉ်တခု ဖြစ်တဲ့ 2020 Election Bus  အစီအစဉ်လုပ်တော့ ကိုဗစ်အရေးကြောင့် ရွေးကောက်ပွဲ လုပ်နိုင်ပါ့မလား၊ ရွေးကောက်ပွဲသာ မလုပ်ဖြစ်ရင် တိုင်းပြည်အခြေအနေက ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို တော်တော်များများက မေးမြန်းကြတယ်။  မြန်မာနိုင်ငံမှာလည်း အထွေထွေရွေးကောက်ပွဲကြီးကို လာမယ့် နိုဝင်ဘာလအတွင်းမှာ ကျင်းပဖို့ လျာထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်က အရိပ်အမြွက် ပြောကြားထားပေမယ့် လက်ရှိအချိန်ထိတော့ ဘယ်လိုပုံစံနဲ့လုပ်မယ်ဆိုတာကို ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းကတော့  “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ဖို့ဆိုရင် အခုထဲက Plan A ၊ Plan B ၊ Plan C ကို စဉ်းစားထားသင့်ပြီ၊ တကယ်လို့ ကိုဗစ်ကာလက ဒီနှစ်လယ်လောက်မှာ ထိန်းချုပ်နိုင်ခဲ့ရင်တော့ Plan A ပေါ့၊ ဒါမှမဟုတ် မထိန်းချုပ်နိုင်ခဲ့ဘူးဆို နှစ်ကုန်လောက်ထိ ဆက်မယ်ဆိုရင်တော့ Plan B ပေါ့၊ နောက်ဆုံးတစ်ချက်က ဒီ ကိုဗစ် ကာလကြီးကို လွှတ်တော်သက်တမ်းကုန်တဲ့အထိ မထိန်းချုပ်နိုင်ခဲ့ရင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ Plan C ပေါ့ ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ အခြေအနေတွေကို တွက်ချက်ပြီး ကြိုတင်စဉ်းစားပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဖို့ လိုအပ်နေပြီ”လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာလည်း COVID-19 ရောဂါပိုးကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်က စတင်တွေ့ရှိခဲ့ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ ရောဂါပိုးတွေရှိသူ ၁၄၆ ဦး၊ ပြန်လည်ကောင်းမွန်လာသူ ၁၆ ဦးနဲ့ သေဆုံးသူ ၅ ဦးအထိ ရှိပါတယ်။  ဒီလိုအခြေအနေတွေမှာ ရန်ကုန်က မြို့နယ်တချို့မှာ lockdown ချတာတွေ၊ လူစုလူဝေးဖြစ်စေမယ့် အခမ်းအနား ပွဲလမ်းသဘင်တွေကို မပြုလုပ်ဖို့လည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ညွှန်ကြားထားပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကတော့  ဒီပုံစံအတိုင်း ဆက်လက်သွားရင်တော့ လာမယ့် မေလလောက်မှာ ရောဂါပိုးကို ထိန်းချုပ်နိုင်မယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ (Pace)ရဲ့ ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က “လက်ရှိဖြစ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပထမဦးဆုံး ကျန်းမာရေးဝန်ကြီးဌာနနဲ့ စ စကားပြောဖို့လိုပြီ၊ ကူးစက်ရောဂါပြန့်ပွားမှုကို ဘယ်လိုထိန်းချုပ်မလဲ ဆိုတာကိုပေါ့၊ ပြီးတော့ အခြားဌာနဆိုင်ရာတွေနဲ့ကော ဘယ်လိုပူးပေါင်းမလဲဆိုတာ၊ တချိန်တည်းမှာပဲ နိုင်ငံရေးပါတီတွေနဲ့ မဖြစ်မနေ တွေ့ဆုံဆွေးနွေးရတော့မယ်။ နောက်အရေးကြီးတဲ့တခုက လက်ရှိ ရှိနေတဲ့ ဥပဒေမူဘောင်တွေကို ပြန်သုံးသပ်ရမယ်၊ ဥပမာအနေနဲ့ မဲဆန္ဒရှင်လူစာရင်းကို ကြေညာပြီဆိုရင် မဲစာရင်းမှာပါ မပါက ကိုယ်တိုင် သွားကြည့်မှရမှာ၊ ဒါပေမဲ့ ကိုဗစ်ကာလမှာ လူစုလူဝေးတွေက ရောဂါပြန့်ပွားရေးကို ဖြစ်စေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောထားတော့ ကော်မရှင်အနေနဲ့ ဒီလူအုပ်ကို ရှောင်မယ်ဆိုရင် အွန်လိုင်းပေါ်ကနေပဲ မဲစာရင်းကြည့်လို့ရအောင် သူတိုရဲ့ လုပ်ထုံးလုပ်နည်းကို ပြင်ဖို့လိုပြီ” လို့ ပြောပါတယ်။ ဒါ့ပြင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ လူစုလူဝေးတွေ မဖြစ်အောင် လုပ်ဆောင်ဖို့ ကိစ္စတွေလည်း ကော်မရှင်အနေနဲ့ ကြိုတင်စဉ်းစားထားဖို့ လိုမယ်လို့ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။ “နောက်တခုက မဲဆွယ်စည်းရုံးရေးနဲ့ပတ်သက်ရင် လူစုလူဝေးကို ရှောင်ဖို့ဆိုရင် စည်းရုံးရေးကိစ္စကိုကော ဘယ်လိုလုပ်ကြမလဲ။ အာဏာရပါတီကတော့ ပြဿနာမရှိဘူး။ နိုင်ငံပိုင် မီဒီယာတွေ ရုပ်သံတွေကို အသုံးပြုလို့ရအောင် တခြားသော နိုင်ငံရေးပါတီတွေကိုရော တန်းတူအခွင့်အရေးရအောင် ဘယ်လို လုပ်ပေးမလဲ။ ဒါနဲ့ ပတ်သက်ပြီး ကော်မရှင်မှာ တိကျတဲ့ ဥပဒေမူဘောင်က မရှိပြန်ဘူး၊ ပြောရရင်တော့ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ လုပ်ဖြစ်တာပဲ ဖြစ်ဖြစ်။ ရွှေ့တာပဲဖြစ်ဖြစ် ဒီအချက်တွေကိုစဉ်းစားရမှာ။ အခုကတည်းက အရပ်ဘက်အဖွဲ့အစည်းတွေ မီဒီယာတွေနဲ့ စကားပြောဖို့လိုနေပြီလို့”   ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ လူပေါင်း သိန်းနဲ့ချီသေဆုံးခဲ့တဲ့ သဘာဝကပ်ဘေးအန္တရာယ် ရင်ဆိုင်နေရတဲ့အချိန်မှာတောင် လူထုဆန္ဒခံယူပွဲ ပြုလုပ်ပြီး  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဋ္ဌာန်းခဲ့ဖူးတဲ့ သာဓက ရှိခဲ့ဖူးတယ်လို့ နာဂစ်ဆိုင်ကလုံးမုန်တိုင်းကာလကို ရည်ညွှန်း ပြောဆိုတာတွေလည်း ရှိပါတယ်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာတော့ သမ္မတသက်တမ်းနဲ့ လွှတ်တော်သက်တမ်းဟာ ငါးနှစ်ဖြစ်ပြီး လွှတ်တော်သက်တမ်းမကုန်ခင်အတွင်းမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကို ပြုလုပ်ပေးရမှာပါ။ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက “လာမယ့်လွှတ်တော်သက်တမ်းက ဇန်နဝါရီ ၃၁ ဆို ကုန်ဆုံးပြီ။ အဲဒီတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင် ရွေးကောက်ပွဲရလဒ် ကြေညာပြီး နောက်အစိုးရကို လွှဲပေးရမှာပေါ့။ ဖွဲ့စည်းပုံကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဒါက ဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်ပဲလေ၊ မလုပ်နိုင်ခဲ့ရင်တော့ နိုင်ငံတော်သမ္မတက ဦးဆောင်ပြီး ကာလုံခေါ်တာတွေ၊ အရေးပေါ်အခြေအနေတွေ ကြေညာပြီး အဲဒီကာလကို ဖြတ်သန်းရမှာပဲ"လို့  ပြောပါတယ်။ မြန်မာနိုင်ငံမှာတော့ ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်နဲ့  ၂၀၁၅ ခုနှစ်တို့က ကျင်းပခဲ့ပြီး ရွေးကောက်ပွဲဟာ နှစ်ကြိမ်သာ ပြုလုပ်ရသေးတာကြောင့် ဒီမိုကရေစီ သက်တမ်းနုနယ်သေးတဲ့အချိန်လို့ သုံးသပ်ပြောဆိုကြပါတယ်။ ရွေးကောက်ပွဲဆိုတာကတော့ နိုင်ငံသားတွေအနေနဲ့ သူတို့ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်၊ အုပ်ချုပ်မယ့် အစိုးရကို ရွေးချယ်တင်မြှောက်တာတွေ၊ မရွေးချယ်တော့တာတွေ၊ အစားထိုး တင်မြှောက်တဲ့ကိစ္စ ဖြစ်တာကြောင့် နိုင်ငံသားတွေအနေနဲ့ အခြေခံအကျဆုံး နိုင်ငံသားအခွင့်အရေးတရပ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့ အခြေခံအကျဆုံး အုတ်မြစ်ဖြစ်တာကြောင့် ကျန်းမာရေးရှုထောင့်အပြင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရှုထောင့်ဘက်ကနေလည်း ပြန်ကြည်ဖို့ လိုအပ်နေပြီး တောင်ကိုရီးယားနိုင်ငံဟာ အကောင်းဆုံး ဥပမာတခုပဲလို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေက  ပြောပါတယ်။ “အခုအတိုင်း ဆက်သွားရင်တော့ သိပ်တော့ပြဿနာမရှိသေးဘူး။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲကို ဇန်နဝါရီအထိဆို နှစ်လလောက် နောက်ဆုတ်လို့ရသေးတာကို ပြင်ဆင်ဖို့ အချိန်လည်းရှိသေးတယ်။ ဒါပေမဲ့ ကျနော်တို့နိုင်ငံရဲ့ ရောဂါအခြေအနေက ခန့်မှန်းရခက်တော့ အရမ်းလည်းပြောရခက်တယ်။ လွှတ်တော်သက်တမ်းကုန်လို့မှ ရွေးကောက်ပွဲမလုပ်နိုင်ဘူးဆိုရင် ပထမဦးဆုံး ကြုံရမယ့်ပြဿနာက နိုင်ငံတော်အတိုင်ပင်ခံ ရာထူးပဲ၊ သူ့သက်တမ်းက တနှစ်ပဲရှိတော့ လွှတ်တော်ကနေပဲ သက်တမ်းတိုးပေးရတာဆိုတော့ အစိုးရကတော့ အဲဒီအခြေအနေ ရောက်အောင်တော့ လုပ်မှာမဟုတ်ဘူး” လို့ နိုင်ငံရေးဆောင်းပါးရှင် ကိုသီဟသွေးက ထောက်ပြ ပြောဆိုပါတယ်။ ပြည့်ဘုန်းအောင်(ဘူကင်း)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024