မိတ္ထီလာနှင့်သာစည်တွင် မိုးသက်လေပြင်းကြောင့် နေအိမ် ၂၃ လုံး အမိုးလန်ပျက်စီး
DVB
·
April 27, 2020
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် နဲ့ သာစည်မြို့နယ်တို့က ကျေးရွာအချို့မှာ ဧပြီ ၂၆ ရက်ညနေက မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် လူနေအိမ် ၂၃ လုံး အမိုးလန် ပျက်စီးခဲ့ပါတယ်။
သာစည်မြို့နယ်၊ ကြက်မောက်ကျေးရွာအုပ်စု၊ ချမ်းသာကြီးရွာမှာ လူနေအိမ် ၄ လုံး၊ ညောင်ပင်သာကျေးရွာအုပ်စု အလှည့်ကျေးရွာမှာ ၅ လုံး၊ ဝမ်းသာရွာမှာ ၁ လုံး မြို့ကြီးကုန်းရွာမှာ ၉ လုံး စုစုပေါင်း လူနေအိမ် ၁၉ လုံး အမိုးလန်ပျက်စီးတယ်လို့ ဒေသခံရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
သာစည်မြို့နယ် ကြက်မောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းက "လူနေအိမ်တွေ အမိုးလန်ပျက်စီးကုန်တယ်၊ လေဘေးသင့်တဲ့မိသားစုတွေကတော့ သူတို့ဆွေမျိုးတွေအိမ်မှာ နေနေကြတယ်" လို့ ပြောပါတယ်။
သာစည်မြို့နယ် မြို့ကြီးကုန်းကျေးရွာခွဲ တာဝန်ခံ ဦးအောင်နိုင်ဝင်းက "မနေ့ညနေက လေပြင်းတိုက်သွားတယ်၊ ဒီနေ့မနက်ပဲ လေပြင်းတိုက်ပြီး အမိုးလန်ပျက်စီးသွားတဲ့ လူနေအိမ်စာရင်း မြို့နယ်ကို အုပ်စုစာရေးကတဆင့် ပေးပို့လိုက်တယ်။ ရွာက လူနေအိမ် ၉ လုံး အမိုးလန်ပျက်စီးသွားတယ်။ လေဘေးသင့်သူတွေကို နီးစပ်ရာဆွေမျိုးတွေဆီမှာ ယာယီနေရာချထားပေးတယ် အားလုံးအဆင်ပြေကြပါတယ်" လို့ ပြောပါတယ်။
မိတ္ထီလာမြို့နယ်၊ ကွက်ငယ်ကျေးရွာအုပ်စု ဒဟတ္တန်းကျေးရွာက လူနေအိမ် ၁ လုံး၊ ကြွယ်ကန်ကျေးရွာအုပ်စု သက္ကယ်ကျင်းကျေးရွာက ၃ လုံး စုစုပေါင်း လူနေအိမ် ၄လုံး အမိုးလန်ပျက်စီးခဲ့တယ်လို့ မိတ္ထီလာမြို့နယ် ကွက်ငယ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်စိုးက ပြောပါတယ်။
"ကျနော်အုပ်စုထဲက ဒဟတ္တန်းရွာမှာ မိုးသက်လေပြင်းတိုက်သွားလို့ လူနေအိမ် ၄ လုံး အမိုလန်ပျက်စီးပေမယ့် လူနေအိမ် ၃ လုံးကတော့ ရွာကလူတွေ စုပေါင်းပြီး ပြင်ပေးလိုက်တယ်။ လူနေအိမ် ၁ လုံးပဲ လေပြင်းတိုက်လို့ ပျက်စီးတယ်ဆိုတာ မြို့နယ်ကို တင်ပြထားတယ်" လို့ ပြောပါတယ်။
သာစည်မြို့နယ်မှာ မိုးသက်လေပြင်းတိုက်ခတ်လို့ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၁၅ သိန်းလောက်နဲ့ မိတ္ထီလာမှာတော့ ၅ သိန်းလောက်ရှိတယ်လို့ သိရပါတယ်။
COVID-19 ကပ်ရောဂါ ဖြစ်ပွားမှု ထိန်းချုပ်နေတဲ့ကာလမို့ လူနေအိမ်တွေ ပြန်လည်ပြုပြင်ဖို့ အခက်အခဲရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်း-မောင်မောင်လင်း