ချောက်မြို့ မြို့ဦးစေတီတွင် လူသတ်မှုဖြစ်ပွားပြီး အလှူခံပုံးအဖောက်ခံရ
DVB
·
April 27, 2020
ချောက်မြို့အမှတ် ၁၀ ရပ်ကွက် အေးစေတီရပ်ရှိ မီးရထားဘူတာအနီး အရဟံ မြို့ဦးစေတီ လေမျက်နှာဘုရားမှာ အလှူခံပုံးအဖောက်ခံခဲ့ပြီး ဘုရားဝေရာဝစ္စ လုပ်ကိုင်နေသူတဦး အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဘုရားဝေရာဝစ္စ လုပ်ကိုင်နေတဲ့ အသက် ၅၇ အရွယ်အမျိုးသား ဦးခေါင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာ ညနေပိုင်းအချိန်မှ သိရတယ်လို့ ကျောင်းထိုင်ဆရာတော် ဦးကောဝိဒက မိန့်ပါတယ်။
“သီလရှင် ဆရာလေးက ဘုရားထဲမှာ ကပ္ပိယကြီး ခေါ်မရဘူး သွေးတွေနဲ့လို့ ဘုန်းကြီးလာလျှောက်လို့ အစကတော့ ဦးနောက်သွေးကြောပြတ်တာတို့ သွေးအန်တာတို့ကြောင့် သေတယ်ထင်တာ၊ သေချာကြည့်တော့မှ ခေါင်းမှာ ဒဏ်ရာတွေရထားတာ။ ဘုရားဝန်းထဲလိုက်စစ်တော့ အလှူခံပုံးဖောက်ထားတာလည်း တွေ့ရတယ်။ ငွေအားဖြင့်တော့ အများကြီးမဟုတ်ပါဘူ။”
သေဆုံးသူရဲ့ ညီမက “သူက အိမ်ကထမင်းကိုပဲ ညစာမနက်စာ ချိုင့်ဆွဲစားပြီး ဘုရားမှာ ဝေရာဝစ္စ လုပ်နေတာကြာပြီ။ ဘုရားမှာ ဘာလိုတယ် လှူကြဦးဆိုလည်း ကျမတို့က လှူပေးရတယ်။ မနေ့ကလည်း သူအိမ်လာပြီး ထမင်းချိုင့်လာယူတော့ သူတရားနာနေကြ MP3၊ FM ရေဒီယိုလေး ပျောက်သွားတယ်၊ ယူတဲ့လူကိုသိတယ် သူတို့မရှိလို့ ယူတာနေပါစေလို့ ပြောသွားသေးတယ်” လို့ ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး သေဆုံးသူဟာ ဦးခေါင်းဝဲဘက် ချိုစောင်းမှာ ရရှိတဲ့ ဒဏ်ရာနဲ့ သွေးထွက်လွန်သေဆုံးခဲ့တာကြောင့် ချောက်မြို့မ ရဲစခန်းက လူသတ်မှုနဲ့ အရေးယူအမှုဖွင့်ထားပြီး တရားခံအမြန်ဖမ်းဆီးနိုင်ရေး အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)